ဆရာမင်းခိုက်စိုးစန် 1997 ခုနှစ်က ရေးထားတဲ့ ပရောမီးသယပ်စ် သေဆုံးခြင်း ဆိုတာလေးပါ။ ၀တ္တုပဲ ခေါ်ခေါ် ဆောင်းပါးလို့ပဲ ခေါင်းစဉ်တပ်တပ်ပါ။ ဒါလေးဖတ်မိသူတိုင်း လူတွေကို စေတနာထားပုံလေးနဲ့ လူတော်တော်များများရဲ့ စိတ်ထားလေးတွေကို ပိုမိုဖြူစင်သွားအောင် ကူညီပေးနိုင်မလားလို့ပါ။
အပိုင်း(၁)
ပုံပြင် (သို့မဟုတ်) အတိတ်
ဂရိ ရှေးဟောင်း ဒဏ္ဍာရီတွေထဲမှာတော့ ပရောမီးသယပ်စ်ဟာ တိုက်တန် နတ်မျိုးနွယ်တစ်ပါးလို့ ဆိုပါတယ်။ ကောင်းကင်နဲ့ ကမ္ဘာမြေကြီးတို့ကနေ ပေါက်ဖွားလာတဲ့ နတ်မျိုးဆိုတော့ တန်ခိုးသိပ်ကြီး တာပေါ့။ စကြာဝဠာတစ်ခုလုံး ကိုအုပ်ချုပ်တဲ့ ၀ရဇိန်မိုးကြိုးလက်နက် ပိုင်ရှင် နတ်အားလုံးတို့ရဲ့ ဘုရင်လို့ဆိုကြတဲ့ ဇု နတ်မင်း ထက်တောင်မှ ပိုပြီး ရှေးကျသေးတယ်။ ပိုပြီး တန်ခိုးကြီးသေးတယ် လို့တောင် တချို့က ပြောကြတယ်။ အဲဒီ ဇုနတ်မင်းဟာ သူ့ခမည်းတော် ကရိုးနပ်(ဆေတန်) နတ်မင်းကြီးကို ပုန်ကုန် စစ်ခင်းပြီး နတ်တကာတို့ရဲ့ ဘုရင်နေရာ ရာဇပလ္လင်ကို အရယူခဲ့တဲ့ သူပါ။ အဲဒီလို ဖခမည်းတော်နဲ့ စစ်ခင်းစဉ်အခါက ဇုနတ်မင်းကြီးဘက်က ပရောမီးသယပ်စ်နဲ့ သူ့ညီက ဝင်ကူပေးခဲ့တာပေါ့။ ဒါနဲ့ စစ်နိုင်ပြီး ဇုနတ်မင်းကြီးလည်း နတ်ဘုရင်ကြီး ဖြစ်လာရော ပရောမီးသယပ်စ်တို့ ညီအစ်ကိုနှစ်ယောက်ကို ကမ္ဘာလောကကြီးမှာ ရှိတဲ့ တန်ခိုးသတ္တိတွေ ဖန်ဆင်းပေးဖို့ တာဝန်ပေးလိုက်တယ်။
ပရောမီးသယပ်စ်ရဲ့ ညီတော်မောင်ကတော့ တိရစ္ဆာန်တွေကို ခွန်အားကြီးအောင် လျင်မြန်အောင် ကောင်းကင်ပျံနိုင်အောင် ဖန်ဆင်းပေးလိုက်ပါလေရော။ အဲဒီမှာ ပရောမီးသယပ်စ်က စဉ်းစားတယ်။ လူတွေအတွက်ကျတော့ကော ဘာလုပ်ရရင် ကောင်းမလဲပေါ့။ သူက လူသားတွေရဲ့ အကျိုးကို အမြဲတမ်း ရှေးရှုတာကိုး။ သူက လူဆိုတာ တိရိစ္ဆာန်ထက်သာတဲ့ တန်ခိုးသတ္တိတော့ရှိမှဖြစ်မယ်လို့ စဉ်းစားတယ်။ ဒါနဲ့ ပရောမီးသယပ်စ်ဟာ ကောင်းကင်ပျံတက်ပြီး နေက ရတဲ့ မီးဓာတ်ကို လူသားတွေဆီကို ပေးလိုက်ပါလေရော။
ပြဿနာပေါ်ပုံက တစ်နေ့ကျတော့ ဇုနတ်မင်းကြီးဟာ လူသားတွေကို စိတ်ဆိုးပြီး မီးဓါတ်ကို လူသားတွေဆီကနေ ကွယ်ဖျောက်ပစ်လိုက်ပါရော။ ဒါပေမဲ့ ပရောမီးသယပ်စ်က မနေနိုင်ရှာဘူး။ သူက လူတွေအကျိုးရှိရာရှိကြောင်း၊ ဆောင်ရွက်ပေးချင်တာကိုး။ ဒါနဲ့ အဲဒီမီးဓတ်ကို ဇုနတ်မင်းကြီး မသိအောင် ခိုးပြီး လူသားတွေကို သွားပြန်ပေးလိုက်တယ်။
ဘယ်နေလိမ့်မလဲ။ ဇုနတ်မင်းကြီးက သိသွားတာပေါ့။ သူလည်း ခေသူမှ မဟုတ်တာ။ နေနတ်သား၊ လနတ်သမီး စတဲ့ တန်ခိုးရှင်တကာ တို့ရဲ့ ဘုရင်ပေပဲ။ သူလို ဘုရင်ကြီးရဲ့ အမိန့်ကို လွန်ဆန်ရ ကောင်းလား ဆိုတဲ့ ဒေါသဟာ စိတ်ရဲ့ ပင်လယ်ကို မုန်တိုင်းလို တိုက်ပစ်လိုက်တယ်။ ဒါနဲ့ပဲ ဒဏ်ခတ်တဲ့အနေနဲ့ ကော့ကေးဆပ် တောင်တန်းပေါ်မှာ ပရောမီးသယပ်စ်ကို အခိုင်အမာ ချည်တုပ်နှောင်ပြီး အရှင်လတ်လတ် လင်းတစာကျွေးတာ ခံရပုံများ မသက်သာလိုက်တာ။ ဒီလိုလေ နေ့တိုင်းနေ့တိုင်း လင်းတတစ်ကောင်က လာပြီးတော့ ပရောမီးသယပ်စ်ရဲ့ အသည်းကို ဖောက်စားတယ်။ ဒါပေမယ့် ပရောမီးသယပ်စ်က မသေနိုင်ရှာဘူး။ လင်းတစားပြီး သွားတဲ့ အသည်းရဲ့နေရာမှာ နောက်အသည်းတစ်ခု ပြန်ပြန်ဖြစ်လာတယ်။ လင်းတက နောက်တစ်နေ့ လာစားပြန်ရော။ အဲဒီလိုပဲ အသည်းကပြန်ဖြစ်လိုက်၊ လင်းတက လာစားလိုက်နဲ့ ကြောက်စရာ၊ ကြေကွဲစရာ၊ မခံရပ်နိုင်စရာ ဝေဒနာဆိုးကြီးကို ပရောမီးသယပ်စ်ခမျာ အနှစ်ထောင်ပေါင်းများစွာ လည်စင်းခံရရှာတာလေ။ ဒုက္ခကြီးလိုက်ပုံများ။
အင်းခံလိုက်ဦးပေါ့လေ။ လူသားတွေရဲ့ ကောင်းကျိုး၊ လူသားတွေရဲ့ တိုးတက်မှုကို လုပ်ပေးချင်မိတာကိုး။ ကိုယ့်အပြစ်နဲ့ ကိုယ်ပေါ့။
အပိုင်း (၂)
အေဒီ ၃၀၀၀ ခေတ်လွန်ဝတ္ဘု (သို့မဟုတ်) အနာဂတ်
သားအိမ်အထုတ်ခံထားရတဲ့ မိန်းမတစ်ယောက် ပြင်ဆင်ခြယ်သထားပုံမျိုးနဲ့ အဲဒီခေတ်ဟာ လှလှပပကြီး အရွယ်တင်နေတယ်။ ခေတ်လွန် တိုးတက်မှုတွေရဲ့ ကြားမှာ ကော်ပတ်ရုပ်တစ်ရုပ်လို နေထိုင်နိုင်စေ ရုံသက်သက်ကလွဲလို့ ဘာမျိုးစေ့ကိုမှ ရှင်သန်အောင် စိုက်ပျိုးမပေးနိုင် တော့တဲ့ ခေတ်ကြီးပေါ့။
ဟုတ်တယ်။ အဲဒီခေတ်မှာ ကမ္ဘာမြေလူ့အဖွဲ့အစည်းဟာ သိပ်ကို တိုးတက်နေပါပြီ။
တစ်နေရာက တစ်နေရာကို သွားချင်တယ်ဆိုရင် လမ်းလျှောက် စရာမလိုတော့ဘူး။ ရွေ့လျားနေတဲ့ စင်္ကြ ံ လမ်းကြောင်းတွေ ရှိတယ်။ အဲဒီအပေါ်တက်ပြီး မတ်တပ်ရပ်လိုက်ရုံပဲ။
ပင်ပင်ပန်းပန်း အလုပ်လုပ်စရာ မလိုတော့ဘူး။ စားဖို့သောက်ဖို့က မပူရဘူးလေ။ ရေခဲသေတ္တာ အကြီးစားတွေထဲမှာ အသင့်လုပ်ပြီးသား စားစရာတွေက အလျှံပယ်။
ရာသီဥတု ဆိုရင်လည်း တစ်နှစ်ပတ်လုံး အပူအအေးမျှတတဲ့ ရာသီဥတုတစ်မျိုးတည်း ဖြစ်နေအောင် ချိန်သားညှိထားနိုင်ပြီ။
ကဲ..တွေ့လား။ အားလုံးပြည့်စုံပြီးသားပဲ။ အဲတစ်ခုပဲလိုတယ်။ စောစောက ပြောခဲ့သလိုပေါ့။ အဲဒီခေတ်လွန် အဖွဲ့အစည်း ဟာမြုံနေတဲ့ မိန်းမတစ်ယောက် ဖြစ်နေတာပါပဲ။ အဲဒီခေတ်ယဉ်ကျေးမှုကနေ ဘာပန်းမှ ပွင့်မလာနိုင်ပါဘူး။ ဘာသစ်သီးမှ သီးမလာနိုင်ပါဘူး။ ဘာရနံ့မှလည်း လေထဲ ဝေ့ဝဲ လာစရာ အကြောင်းမရှိဘူး။
ဒါနဲ့ပဲ အဲဒီ သိပ္ပံလွန် ယဉ်ကျေးမှုနဲ့ ခေတ်ကြီးဟာ ကိုယ်တိုင်က သားသမီးမမွေးနိုင်တော့ သူများကို မွေးစားရတော့တာပေါ့။ ထုံးစံအတိုင်းပါပဲလေ။ မိကောင်းဖခင် မဟုတ်တဲ့ ဝတ်မှုန်တွေက မေထုန် မဲ့သားစပ်နည်းနဲ့ ရွေးချယ်ယုံကြည်ခွင့် ခေါင်းပါးကျင့်ရနေတဲ့ လူတွေရဲ့ ရင်ခေါင်းထဲကို ခပ်တည်တည်နဲ့ ဝင်သွားတယ်။ ပြီးတော့မှ မွေးစားသဘာဝ (Second nature) လို့အမည်တပ်ထားတဲ့ ကိုးရိုးကားယား ယဉ်ကျေးမှု ကလေးဆိုးသွမ်းသွမ်းတွေ ပေါက်ဖွားထွက်ကျလာတော့ရဲ့။
မခက်ဘူးလား။ လူတွေလေ။ ကြည့်စမ်း။
ကိုယ့်သွေးမဟုတ်ဘဲ အဲဒီကလေးဆိုးတွေကို နို့စားနွားမကြီးတစ်ကောင်ရဲ့ နို့ရည်လို အရောင်းစားခံဖို့ ယုယမှုတွေနဲ့ ပေါပေါပြဲပြဲ ကြီးချပစ်လိုက်ကြတာ။
ဟောဒီမှာ
အဲဒီခေတ်မှာ လူတွေဟာ ကိုယ်ပေါ်မှာ အဝတ်အစား မဝတ်ကြတော့ဘူး။ မလိုတော့ဘူးတဲ့လေ။ အဲ..လိုတာက ဘာလဲဆိုတော့ မျက်နှာကို လုံအောင်ဖုံးဖို့ အဝတ်စ ဒါပဲ။ အဲဒီခေတ်ရဲ့ အကျော်ကြားဆုံး အရှက်ဆိုင်ရာ တွေးခေါ်ပညာရှင်ကြီးတစ်ယောက်က သူ့ရဲ့ဒဿန ကျမ်းတစ်ဆူမှာ ..
တကယ်တော့ အရှက်ဆိုတာ ကိုယ်ပေါ်မှာ ရှိတာ မဟုတ်ဘူး။ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ အကျင့် စာရိတ္တပေါ်မှာ မူတည်ရာ မဟုတ်ဘူး။
အရှက်ဟာ မျက်နှာနဲ့ပဲ ဆိုင်တယ်။ ခိုးတာပဲ ဖြစ်ဖြစ်၊ ၀ှက်တာပဲ ဖြစ်ဖြစ်။ လိင်ဖောက်ပြန်တာပဲ ဖြစ်ဖြစ် လုပ်ချင်တာသာ လုပ်။ ဘယ်သူဘယ်ဝါ လုပ်တယ်ဆိုတာ သိဖို့မှတ်ဖို့ မျက်နှာကိုသာ မတွေ့မြင်ရဘူး ဆိုရင် ရှက်စရာ အကြောင်းမရှိဘူးတဲ့။
ကဲ..ဘယ်လောက် ခေတ်မီ ထက်မြက်တဲ့ အတွေးအခေါ်လဲ ကြည့်စမ်း။ ဒါကြောင့် ခေတ်သစ်လူသားတွေဟာ ကိုယ်ပေါ်မှာ အဝတ်အစား မဝတ်ကြတော့ဘူး။ မျက်နှာကိုပဲ အဝတ်စလေးနဲ့ ဖုံးထားကြတော့တယ်။
သြော်.. သနားစရာ ကောင်းလိုက်တာ။ ရှေးတုန်းက လူသားတွေများ အသိဏ် နည်းလိုက်ကြတာလေ။ အကျင်္ ီဝတ်သတဲ့။ လုံချည်ဝတ်သတဲ့။ ဘောင်းဘီဝတ်သတဲ့။ ကိုင်း..အဲဒါတွေ ဝတ်တော့ ပိတ်စတွေ၊ ချည်မျှင်တွေ အလဟဿ မဖြစ်ကုန်ပေဘူးလား။ မလိုအပ်ပဲ ဖြုန်းတီးရာ မရောက်ပေဘူးလား။ အဲဒါကြောင့် အဲဒီခေတ်လူသားတွေအဖို့ ကုန်စျေးနှုန်း ကြီးတာတို့၊ ကျပ်တည်းတာတို့၊ မလောက်ငှတာတို့ ဖြစ်ခဲ့ရတာ။ ဟော..အခုလို မျက်နှာဖုံးလေးပဲ ဖုံးထားလိုက်တော့ ပြီးရော။ ပိတ်စ အကုန်လည်း သက်သာတယ်။ လိုရင်းလည်း ရောက်တယ်။ လုပ်ချင်ရာသာ လုပ်၊ ဘယ်သူ့ကိုမှ ရှက်ကြောက်နေစရာလည်း မလိုတော့ဘူး။
ကဲ..ခေတ်လွန် အတွေးအခေါ် တွေဟာ မစူးရှ မပြောင်မြောက်ပေဘူးလား။ ခရမ်းနုရောင် တိမ်တိုက်ရဲ့ အစွန်းအနား ပတ်လည်မှာ ရွှေရောင်နေခြည် တွေ လင်းလက်လို့ လည်ပင်းနားမှာ နဝရတ် ကိုးသွယ် ဆင်ယင်ထားတဲ့ ကျောက်ဆစ် ရုပ်ထုတွေ ပျံသန်းနေကြတယ်။ အိပ်မက်တွေဟာ နှင်းရည်စိုစိုနဲ့ အဝါရောင် ဝတ်မှုန်တွေ လူးနေတာ မြင်လား။
ဘီယာဖန်ခွက် ပတ်လည်မှာ ကပ်ငြိနေတဲ့ ရေမှုန်အစအနလေးတွေလို အဖုအထစ် ထနေတဲ့ လူတွေရဲ့ လျှာပေါ် ကို မွေးစား သဘာဝတွေ စိမ့်ဝင်နေပြီ။ သားရဲမိစ္ဆာ တစ်ကောင်က ဖျော်ပေးတဲ့ အနက်ရောင် ကော်ဖီ တစ်ခွက်ပေါ့။ ခါးသက်သက်နဲ့ အရသာရှိလိုက်တာလေ။
လမ်းမပေါ် ကြည့်လိုက်စမ်း။ ဗိုက်ခေါက်ကြီး စူထွက်နေတဲ့ မိန်းမကြီး ယောကျင်္ားကြီးတွေ ချိုင်းကြားမှာ ချွေးနံ့စူးစူးနဲ့ မည်းတူနေ တဲ့လူတွေ၊ ပေါင်ခြံမှာ ချေးအလိပ်လိပ်နဲ့ ယောကျင်္ား မိန်းမတွေ၊ တစ်ကိုယ်လုံးမှာ ရှိတဲ့ အမာရွတ်တွေ၊ အညစ်အထေးတွေ၊ အမွေးအမျှင်တွေ အချင်းချင်း လမ်းပေါ်မှာ တွန့်လိမ် စေးကပ်နေသလိုပဲ မြင်ရတယ်။ အဲ.. မျက်နှာတွေကိုတော့ ဘယ်မြင်ရမလဲ။ မျက်နှာဖုံးစွပ်ထားတာကိုး။
ပိုက်ဆံတတ်နိုင်သူတွေကတော့ မျက်နှာဖုံးမှာ စိန်တွေစီလို့၊ ရွှေနဲ့ယက်တဲ့ ဇာအနားတွေ၊ ကွပ်လို့၊ မြတွေ၊ နီလာတွေ၊ ခြယ်လို့ စသည်ဖြင့် ပေါ့လေ။ အမျိုးမျိုး တန်ဆာဆင် ကြတာပေါ့။ သိတယ် မဟုတ်လား။ မတတ်နိုင်တဲ့ သူတွေ ကျတော့လည်း ဒီလိုပဲပေါ့လေ။ ရိုးရိုးပဲပေါ့။ အရေးကြီးတာ မျက်နှာလုံဖို့ပဲ မဟုတ်လား။ မျက်နှာလုံပြီဆိုရင် လုပ်ချင်တာ လုပ်တော့ ရပြီ။ ဟီရိသြတပ္ပ မလို၊ ကိုယ်ကျင့်တရား မလို၊ သိက္ခာမလို၊ ဘာညာ ဘာညာ ကြီးကြီးကျယ်ကျယ်၊ စကားလုံးတွေ မလို။ ဘာမှ ကွင်းစကွင်းပိတ်နဲ့ ဘာမှမလို။
အရှက်ကြောင့် လေးလံနေရတဲ့ လူတွေရဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ ချပေးလိုက်တဲ့ အဲဒီအတွေးအခေါ် ကို ဖော်ထုတ်ခဲ့သူ ပညာရှင်ကြီးဟာ အဲဒီရာစုနှစ်အတွက် အကြီးမားဆုံး ဂုဏ်ပြုခံခဲ့ရပါတယ်။
ဒီလောက်နဲ့တင် တိုးတက်မှုဟာ ဘယ်ရပ်ဆိုင်းသွားလိမ့်မလဲ။
အရှက်ဆိုင်ရာ တွေးခေါ်ပညာရှင်တွေဟာ ကြိုးကြိုးစားစား ဆက်လက်တွေးတော ကြံဆကြဆဲပါပဲ။ ဟုတ်တယ်လေ။ စက္ကန့်အမျှ တိုးတက်လာတဲ့ သိပ္ပံလွန်ခေတ်ရဲ့ ယဉ်ကျေးမှုထဲမှာ ဝန်ထုပ်ဝန်ပိုးကို တတ်နိုင်သလောက် လျှော့ချပေးရမယ် မဟုတ်လား။
အရှက်မရှိလေ ကောင်းလေပေါ့။
ဒါနဲ့ပဲ သမိုင်းမှာ တွင်ကျန်ရစ်စေမယ့် တစ်ကမ္ဘာလုံး အရှက်နည်းပါးရေးဆိုင်ရာ အတွေးအခေါ် အယူအဆ ဖလှယ်ပွဲကြီးကို ကျင်းပဖို့ ဆုံးဖြတ်လိုက်ကြတယ်။ အဲဒီပွဲမှာ ပညာရှင် တစ်ယောက်က..
အခုဆိုရင် လူတွေဟာ အရှက်ကို ထိန်းသိမ်းရတဲ့ ဝန်ပေါ့သင့်သလောက် ပေါ့သွားတာ မှန်ပါတယ်။ ဒါပေမယ့် လုံးလုံးလျားလျား ပေါ့ပါးသွားတာတော့ မဟုတ်ပါဘူး။ ဒါကြောင့် မတော်တဆ ဖြစ်ဖြစ် မျက်နှာ ဖုံးကျွတ်သွားတဲ့ အခါမျိုးမှာ လူတွေဟာ ရှက်နေရသေးတယ်။ ကျွန်တော့် သဘောကတော့ အဲဒီကျန်နေတဲ့ အရှက်လေးကိုပါ အမြစ်ပြတ်စွန့်ပယ် လိုက်စေချင်ပြီ။
နောက်ပညာရှင် တစ်ယောက်ကလည်း..
ဟုတ်တယ်။ မျက်နှာဖုံးတပ်နေရတဲ့အတွက်ကြောင့် တချို့ငွေကြေးတတ်နိုင်သူတွေက သူတို့ရဲ့ မျက်နှာဖုံးမှာ အဖိုးတန် ရတနာတွေ၊ ဆင်လာတာမျိုးရှိတယ်။ ဒါကြောင့် အဲဒီလို ရတနာ မဆင်နိုင်တဲ့ ချို့ငှဲ့သူတွေခမျာ ရှက်သလိုလို အားငယ်သလိုလို ထပ်ဖြစ်ရပြန်တယ်။ ဒါတွေဟာ မျက်နှာဖုံးကြောင့် ဆင့်ပွားဖြစ်ပေါ်လာရတဲ့ မလိုလားအပ် တဲ့အကျိုးဆက် Side Effect တွေပဲ။ ဒီတော့ အဲဒါတွေကို ဖယ်ရှား ပစ်နိုင်ဖို့ သိပ်ကို လိုအပ်ပါတယ်။ ကျွန်တော့်သဘော ပြောရရင်တော့ဗျာ အရှက်ဆိုတာ လုံးလုံးမရှိရင် အကောင်းဆုံးပဲဗျ။
ကျန်တဲ့ သူတွေကလည်း ..
ဟုတ်ပါတယ်။ ဟုတ်ပါတယ်။ သဘောတူပါတယ်။
ဟုတ်ပါတယ်။ ကျွန်တော်ကလည်း ထောက်ခံပါတယ်။ ကျွန်တော်တို့အားလုံး အခုလို စုံစုံညီညီနဲ့ ရောက်လာရတဲ့ ရည်ရွယ်ချက်ကိုက ကမ္ဘာမြေပေါ်မှာ လုံးဝဥဿုံ အရှက်ကင်းမဲ့ရေးအတွက် ဘာလုပ်ကြမယ်ဆိုတာ ညိုနှိုင်းတိုင်ပင်ကြဖို့ မဟုတ်လား။
သူတို့တွေ အကြိတ်အနယ် ဆွေးနွေးကြတယ်။ သူတို့ အင်မတန် အားကိုးတဲ့ ကွန်ပြူတာ ခလုတ်တွေကိုလည်း တဒေါက်ဒေါက် နှိပ်ကြတယ်။ ငြင်းခုံကြတယ်။ အော်ကြဟစ်ကြတယ်။ ခုံတွေကို ဒေါသတကြီး နဲ့ ထုကြတယ်။ သူတို့ရဲ့ ကွန်ပြူတာ တွေကတော့ အင်း.. ဒေါသတော့ မထွက်တတ်ကြပါဘူူး။ ဒါပေမယ့် ကိုးရိုးကားယားအဖြေတွေ အများကြီး ထွက်လာတယ်။
တိရိစ္ဆာန်တွေဟာ အရှက်လုံးဝကင်းမဲ့တဲ့ သတ္တဝါတွေဖြစ်လို့ သူတို့လို အရှက်ကင်းချင်တဲ့ လူတွေအနေနဲ့ တိရိစ္ဆာန်တွေကို အလေးအနက်ထားပြီး လေ့လာနည်း ယူသင့်တယ်။ ဒါကြောင့် ဒီကိစ္စကို သတ္တဗေဒ ပါရဂူတွေနဲ့ ဆွေးနွေးရမယ်ဆိုတဲ့ အဖြေမျိုး။
အလှဟာ ကြည့်သူရဲ့ မျက်လုံးထဲမှာ ရှိတယ်ဆိုတဲ့ စကားလုံးမျိုး၊ အရှက်ဟာလည်း ကြည့်သူရဲ့ မျက်လုံးထဲမှာ တည်တယ်။ဒါကြောင့် လူတွေ ရှက်နေစရာ မလိုတော့အောင် မျက်လုံးတွေကို ဖောက်ပစ်ရင် ဖောက်ပစ်၊ ဒါမှမဟုတ် တစ်မျိုးတစ်ဖုံ ခွဲစိပ်ပြုပြင် ပြောင်းလဲပစ်ဖို့ ဆေးပညာရှင်တွေရဲ့ အကူအညီလိုတယ်ဆိုတဲ့ အဖြေမျိုး။
လောဘ၊ ဒေါသ၊ မောဟ ထူပြောတဲ့ စိတ်ဟာ အရှက်အကြောက် တရားကင်းမဲ့တယ်။ ဒါကြောင့် အဆုံးစွန်အထိ အရှက်ကင်းချင်ရင် လောဘ၊ ဒေါသ၊မောဟတွေ အစွမ်းကုန် ထူပြောအောင် ဘယ်လိုလုပ် မလဲဆိုတာ စိတ်ပညာရှင်တွေနဲ့တိုင်ပင်သင့်တယ်။ ဒါမှမဟုတ် အရက်ချက်စက်ရုံတွေ၊ အရက်ဆိုင်ပိုင်ရှင်တွေနဲ့ တိုင်ပင်သင့်တယ်ဆိုတဲ့ အဖြေမျိုး။
လူဟာ အတုခိုးတတ်တဲ့ သတ္တဝါတွေ ဖြစ်ခဲ့တဲ့ အတွက်ကြောင့် သူတို့တွေ အကောင်းဆုံး အတုခိုးနိုင်ဖို့ အတွက် ရုပ်ရှင်၊ဂီတ၊ စာပေအနုပညာရှင် တွေကနေပြီး၊ လုံးဝအရှက်ကင်းမဲ့တဲ့ နမူနာတွေကို စွမ်းစွမ်းတမံ ပြသင့်တယ်ဆိုတဲ့ အဖြေမျိုး။
စုံနေတာပါပဲ။ အကြံအစည်တွေကတော့ တကယ့်ကို အကြံကောင်းတွေပါ။ ဒါပေမယ့် ခက်တယ်။ အကောင်းဆုံးဖြစ်အောင် ဘာလုပ်ရမလဲ။
သူတို့ရဲ့ ဆွေးနွေးပွဲဟာ အဆုံးမသတ်နိုင်ဘူး။
ဟိုးအဝေးက တယောသံသဲ့သဲ့ကလေး လေထဲ ပျံဝဲလာနေတယ်။ ကြားလား၊ မီးခိုးရောင် မှုန်မှုန်ဖျိုးဖျတဲ့ မြက်ခင်းပြင်ကျယ်ပေါ် လိမ္မော် ရောင်နှုတ်ခမ်းတွေ တအိအိကြွေကျနေလေရဲ့။ မနက်ဖြန်ဆိုရင် ဘယ်လိုငှက်တွေ လာကြလိမ့်ဦးမှာလဲ။
ဘဝဟာ ရေခဲခြစ်တစ်ခုပေါ့ကွယ်။ တုတ်သေးသေးတစ်ချောင်းပေါ်မှာ ချိုမြိန်မှု ရေခဲအစအနတွေ ဝိုင်းအုံတွယ်ကပ်နေတာ။ ဟီရိသြတပ္ပ ဆိုတာ ကြားဖူးလား။ ဟုတ်ပြီ၊ ဟုတ်ပြီ။ အဲဒီစကားတွေကို အနက်ရောင် သေတ္တာတစ်လုံးထဲ ထည့်ပါ။ သတင်းစာအဟောင်း တစ်စောင်နဲ့ ရစ်ပတ်ထုပ်ပိုးပါ။ ရေနံသုတ်ပါ။ ချိတ်ပိတ်ပါ။ ပြီးတော့ ကတ္တီပါအိတ်နဲ့ ရေဆိပ်ချလိုက်ပါ။ ဟုတ်တယ်လေ။ စိတ်ဓါတ်တွေ ကျန်းမာရေးမကောင်းမှတော့ လှလှပပ ကွပ်မျက် လိုက်ခြင်းဟာ ဆေးရုံပါပဲ။ ပွင့်ချပ်၊ ပွင့်ဖတ်တွေ၊ ဝတ်မှုန်တွေနဲ့ ရက်လုပ်ထားတဲ့ ဆေးရုံပေါ့။
ရုပ်ဝတ္ဘုတိုးတက်မှုတွေက တီးမှုတ်ဟစ်ကြွေးလိုက်တဲ့ အနုပညာမဲ့ တေးသွားတစ်ပိုဒ်ဟာ အသုဘချခါနီးဆဲဆဲ ရေအိုးကို ခွဲလိုက်တဲ့ အသံလိုပဲ။ ကဲ အာဠဝီတံခါးကပဲ စောင့်ပါကွယ်။
နောက်ဆုံးတော့ သူတို့တွေ အဖြေတစ်ခုကို ရလိုက်ကြတယ်။
အရှက်ဟာ ကြည့်သူရဲ့ မျက်လုံးထဲမှာ ရှိတယ် ဆိုတဲ့ အယူအဆကို လက်ခံလိုက်ကြတယ်လေ။ ကဲ…ဒီတော့ လုံးဝအရှက်ကင်းအောင် ဘယ်လို လုပ်ကြမလဲ။ မျက်လုံးတွေကို ထိုးဖောက်ပစ်လိုက် ဖို့တော့ မဖြစ်နိုင်ဘူး။ အကောင်းဆုံးကတော့ လူတွေရဲ့ မျက်လုံးကို တိရစ္ဆာန် တွေရဲ့မျက်လုံးနဲ့ အစားထိုးလဲလှယ်ပစ်လိုက်ဖို့ပဲ၊ ဟုတ်တယ်။ ဒါကောင်းတယ်။ ဒါပေမယ့် ကမ္ဘာပေါ်မှာ ရှိရှိသမျှှ လူတစ်ယောက်ချင်းစီကို ခွဲစိပ် ကုသပေးရမှာနော်။ မလွယ်ဘူး။
ကဲ.. ဒီထက် ကောင်းတဲ့နည်း၊ သက်သာလွယ်ကူတဲ့နည်းကို ကြံကြပါဦးဆိုတော့ နောက်ဆုံးအဖြေတစ်ခုပဲ ထွက်လာတယ်။ ဘာလဲဆိုတော့..။
ဒီ ရိုးရိုးမျက်လုံးတွေနဲ့ပဲ ကြည့်လို့မြင်လို့ရအောင် လုပ်ပစ်လိုက်ဖို့။ ရှင်းရှင်းပြောရရင် အမှောင်ချလိုက်ဖို့။ ကဲ..မကောင်းဘူးလား။ ကမ္ဘာမြေကြီးတစ်ခုလုံးကို အမှောင်လိုက်မယ်လေ။
အဲဒီအကြံအစည်ကိုပဲ အကောင်အထည်ဖော်ဖြစ်သွားပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ အကူအညီနဲ့ ကမ္ဘာမြေကြီးကို ဖုံးအုပ်ဖို့ ကြက်ဥခွံပုံစံ ခေါင်မိုးကြီးတစ်ခု လုပ်လိုက်ကြတယ်။ ပြီးတော့ နေရောင်၊ လရောင်၊ ကြယ်ရောင်တွေ တိုးလို့ မပေါက်နိုင်အောင် စေ့စေ့စပ်စပ်နဲ့ ကမ္ဘာမြေကြီးတစ်ခုလုံးကို ဖုံးကာပစ်လိုက်ကြလေရဲ့။
အားလုံးမှောင်အတိ ကျသွားတယ်။
ကဲ.. မျက်နှာဖုံးတွေ ချွတ်လိုက်တော့။ မလိုတော့ဘူးလေ။
တစ်ယောက် တစ်ယောက် သဲသဲကွဲကွဲ မှ မမြင်ရတော့တာ။ ဘာရှက်စရာ လိုသလဲ ဟုတ်တယ်မဟုတ်လား။
ကိုင်း…လူသားတွေ အားလုံး အစွမ်းကုန် အရှက်ကင်းလွတ် ခွင့်ကို လွတ်လွတ်လပ်လပ် ကြီးရသွားပါပြီ။
ပြတ်ရွေ့တောင်တန်း
ရင်ဘတ် နှစ်ခြမ်းကို ကြည့်ပြီး
နှလုံးသားက ဘယ်ဘက်ပါ သွားရမလဲ ဆိုတာ..
ဝေခွဲရခက်နေတုန်းပဲလား။
နားရွက်တွေ အ သွားကြပေါ့။
ဂျူတီချိန် မရှိတဲ့ အိပ်မက်တွေ မက်ပေါ့။
ညနေခင်းကတော့ ပက်လက်မျော သွားခဲ့တော့တယ်။
အပိုင်း (၃)
အေဒီ ၃၀၀၀ ခေတ်လွန်ပုံပြင် (သို့မဟုတ်) အတိတ်နှင့် အနာဂတ်ကို ပေါင်းစည်းခြင်း
ပရောမီးသယပ်စ်ရဲ့ ပုံပြင် ကမဆုံးသေးပါဘူး။ ဂရိဒဏ္ဍာရီ အရ ဆိုရင် နောက်ဆုံးမှာ ပရောမီးသယပ်စ်ရဲ့ ဝေဒနာ ခံစားနေရတဲ့ အဖြစ်ကို မကြည့်ရက်လို့ ဟာကျူလီ (Hercules)ကလာပြီး ကယ်တင်ပါတယ်။ ဟာကျူလီကတော့ သိတဲ့ အတိုင်း အင်မတန် ခွန်အားဗလကြီးပြီး သန်မာ တာကိုး။ သူက ပရောမီးသယပ်စ်ရဲ့ အသည်းကို နေ့တိုင်းလာစားနေတဲ့ လင်းတကို သတ်၊ချည်နှောင် ထားတဲ့ သံကြိုးတွေကို ဆွဲဖြတ်ပစ်လိုက် တော့ ပရောမီးသယပ်စ် လွတ်မြောက်သွားတာပေါ့။
ပရောမီးသယပ်စ် လွတ်မြောက်သွားပါပြီ။ ကဲ..သူ ဘာလုပ်မလဲ။
အမြဲတမ်း လူသားတွေရဲ့ အကျိုးရှိရာ ရှိကြောင်းကို တစ်ခုခု လုပ်ပေးချင်နေတဲ့ ပရောမီးသယပ်စ်ဟာ သူ့ကို ချည်နှောင်ထားတဲ့ သံကြိုးတွေ ပြေသွားတာနဲ့ တစ်ပြိုင်နက် ကမ္ဘာမြေကြီးဆီကို ငုံ့ကြည့် လိုက်တယ်။
အို.. ကမ္ဘာမြေတစ်ခုလုံး မှောင်လို့ မည်းလို့ပါလား။ သူ့ရင်ဘတ်တစ်ခုလုံး ဗြုန်းခနဲ ရှုံ့ဝင်သွားသလို ခံစားလိုက်ရတယ်။ နံရိုးတွေ ဟာနှလုံးသားကို သံပရာသီးတစ်လုံးကို ညှစ်ချသလို ရက်ရက်စက်စက် ဖျစ်ညှစ် ချေမွ လိုက်တာပေါ့။
လူသားတွေအတွက် ငါ ယူပေးခဲ့တဲ့ မီးကို ဇုနတ်မင်းကြီးက ကွယ်ဝှက် ထားလိုက်ပြန်ပြီလို့ သူ့စိတ်ထဲ အောက်မေ့သွားတယ်။
လူသားတွေ ဒုက္ခရောက်နေကြရော့မယ်။ မှောင်ကြီးမည်းမည်းထဲမှာ လူတွေဟာ မီးကို အသုံးမချတတ်တဲ့ ဘဝနဲ့ တိရစ္ဆာန် သာသာ နေထိုင်ရှင်သန် နေကြရော့မယ်။
သူ စဉ်းစားရပြီလေ။ ဘာလုပ်မှာလဲ။ ဒီတစ်ခါ မီးကို လူသား တွေဆီ သွားထပ်ပေးပြန်ရင်လည်း ဇုနတ်မင်းကြီးက ပြစ်ဒဏ်ခတ်ပြန်ဦးတော့မယ်။ အသည်းကိုလင်းတ ကျွေးခံရတဲ့ ဝေဒနာဟာသက်သာ တာမှတ်လို့။ တောင်တန်းပေါ်မှာ သံကြိုးနဲ့ချည်နှောင် ခံထားရတဲ့ မရေတွက်နိုင်အောင် ကြာညောင်းခဲ့ပြီးသား အချိန်ကာလပေါင်းများစွာဟာ သူ့ဘဝတစ်ခုလုံး ကျောက်တုံးတစ်တုံးလို တဗျစ်ဗျစ်မြည်ပြီး ကွဲကြေ သွားအောင် ထုချေခဲ့ပြီးပြီ။ သူ့လက်ကျန်ဘဝ ကျောက်တုံးအပိုင်းအစ ကလေးကိုပဲ ထပ်ပွတ် ရိုက်ခတ်ထုပြီး မီးညှိပေးရဦးမှာလား။ အား…ဆိုးလိုက်တဲ့ ဝေဒနာ ။
ဒါပေမယ့် တစ်ဘက်က ကြည့်ရင်ကော လူသားတွေရဲ့ ကျဆုံးခန်း ကို ဒီအတိုင်း ထိုင်ကြည့်နေရက်မှာလား။ လူစင်စစ်ကနေ တိရစ္ဆာန်တွေ လိုအမွေးထူကြမ်းကြမ်းတွေနဲ့ ကမ္ဘာမြေပေါ် လူးလှိမ့်ညည်းတွားနေ ကြမယ့် လူသားတွေကို သူမေ့ပစ်လိုက်ရမှာလား။
ပရောမီးယပ်စ် အတွက်တော့ အဲဒီဝေဒနာက ပိုဆိုးပါတယ်။
အို..ဖြစ်ချင်ရာ ဖြစ်စေတော့။ ပရောမီးသယပ်စ်ဟာ နက္ခတ်တာရာ သစ်တစ်လုံး ဆန်ဆန် ခိုင်မာလင်းလက်မှုတွေကို ပွေ့ချီပြီး ကမ္ဘာမြေပေါ် ဆင်းသွားလိုက်တယ်။
ခြေထောက်တစ်ဘက် ကမ္ဘာမြေပေါ် ထိလိုက်လိုက်ချင်းမှာပဲ ပရောမီးသယပ်စ်ဟာ သူ့လက်ထဲ ကမီးတုတ်ကို ထွန်းညှိလိုက်တယ်။
ကမ္ဘာမြေ တစ်ခုလုံး လင်းပသွားလိုက်တာ။ မှောင်မိုက်ခြင်းရဲ့ ဆံပင်ချည်အထွေးအမျှင် တွေ ဖျိုးဖျိုးဖျစ်ဖျစ် တွန့်လိမ် လောင်ကျွမ်းလို့ အလင်းမုန်တိုင်းဟာ လူသားအားလုံးရဲ့ မျက်နှာပေါ်ကို ဗြုန်းဆို ဖြတ်ရိုက်ချလိုက်ပုံ..
အဲဒီမှာပဲ ပရောမီးသယပ်စ်ဟာ သူ့ကို ဒေါသထွက်၊ ရန်လိုနေတဲ့ လူသားသန်းပေါင်းများစွာနဲ့ မျက်လုံးအကြည့်တွေကို အံ့သြတကြီး ရင်ဆိုင်လိုက်ရတော့တယ်။
မီးရောင်အောက်မှာ အရှက်ကင်းချင်တိုင်း ကင်းနေတဲ့ လူသားတွေ၊ ယုတ်မာချင်တိုင်း ယုတ်မာ၊ ညစ်ညမ်းချင်တိုင်း ညစ်ညမ်းနေတဲ့ အပြုအမူတွေ၊ စောစောက အချိန်အထိတော့ အားလုံးဟာ မှောင်ထဲမှာ ဖြစ်ချင်တိုင်း ဖြစ်လို့ကောင်း နေကြတာကိုး။ အခု ပရောမီးသယပ်စ်ရောက်လာမှ သူတို့ရဲ့ လွတ်လပ်စွာ အရှက်ကင်းမဲ့နေမှုကို မီးတုတ်တစ်ချောင်းနဲ့ အနှောင့်အယှက် ပေးလာတဲ့ ပရောမီးသယပ်စ်ရဲ့ အပေါ်ကို လူတွေရဲ့ ဒေါသနဲ့ ရန်ငြိုးတွေက တဝုန်းဝုန်း စုပြုံပြီး ပြုတ်ကျထိမှန်သွားတော့တယ်။
ဓားဆွဲသူ ဆွဲ၊ တုတ်ကိုင်သူက ကိုင်၊ ခဲကောက်သူက ကောက်၊ ပုဆိန်နဲ့၊ ဝါးချွန်နဲ့ ၊သံဆူးနဲ့၊ အနီးအပါးမှာ တွေ့သမျှ၊ ပစ္စည်းအားလုံးကို လက်နက်လို ဆွဲကိုင်လို့ ပရောမီးသယပ်စ်ဆီ တစ်ဟုန်ထိုး ပြေးဝင်လာ ကြတယ်။
ပရောမီးသယပ်စ်ကတော့၊ မီးရောင်အောက်မှာ မြင်ရတဲ့ လူတွေရဲ့ စက်ဆုပ်စရာမြင်ကွင်းကို အံ့သြတကြီး ငေးကြည့်ရင်း ငိုင်နေမိတုန်းပဲ။
သူ့ခမျာ သေဆုံးသွားတဲ့ နောက်ဆုံးစက္ကန့်ပိုင်းအထိ အံ့သြနေခဲ့ရတာပါ။ လူတွေရဲ့အကျိုး သယ်ပိုးချင်တဲ့ ပရောမီးသယပ်စ်ဟာ သူ့ကိုယ်သူ ဘယ်သူ့လက်ချက်နဲ့ အသက်ထွက်သွားမှန်းတောင်မသိ လိုက်ရှာဘူး။
(၁၉၉၇)
မင်းခိုက်စိုးစန်
Post a Comment