ဗုဒ္ဓနှင့်တွေ့ဆုံခြင်းနှင့် အခြားကဗျာမျာ

 


ဗုဒ္ဓနှင့်တွေ့ဆုံခြင်း

ဘာမဟုတ် ညာမဟုတ်နဲ့
ငါ ဗုဒ္ဓဘုရားကိုတောင်မှ
ရှေးဟောင်းပစ္စည်းတွေ အကြားမှာ
ရောင်းစားခံရ
စီးပွါးရေးမျက်စိ စူးရှတဲ့
ဒီလိုဥရောပမှာ
မင်းက ဘာလာလုပ်သလဲတဲ့
ဗုဒ္ဓက မေးတော်မူတယ်။
ကိုယ်တော် မသိလို့နော်
ကိုယ်တော်သာ မြန်မာနိုင်ငံမှာ ရှိရင်
ပူဇေမိ အမျိုးမျိုးနဲ့
ရှိခိုးခံရမှာတော့ အမှန်ပါပဲ။
ဒါပေမယ့်
မမှန်တာတွေပြော၊ မမှန်တာတွေ ဟောနေရ
ကိုယ်တော်ကော ဗုဒ္ဓေါတ,မိပြီး
ပြေးကြွချင်မှာ သေချာတယ်။
မမှန်တာတွေ ပြောတော့လဲ
သံသရာတကြောမှာ
အဖန်တရာ မောနေဦးမှာကိုး ဘုရာ့။
လက်နက်ကိုင်စစ်တပ်က
အရပ်ရပ်နေပြည်တော်
ကြားလို့မှ မလျော်အောင်
အော်ဒါတွေထုတ် မတော်တာတွေ လုပ်နေတော့
ဗုဒ္ဓကို ကြိုးတုပ်
အချုပ်ထဲသွင်းရင် မခက်ပါလား။
ဒီကောင်တွေက ဉာဏ်လဲမရှိ
အမှန်လဲ မသိ
ကတိလဲ မတည်
အပလီ အမျိုးမျိုးနဲ့
ဝစီအိုးကလဲ ပုပ်စော်နံ
နိုင်ငံကိုလဲ မလေးစား
ကလေးကလား စိတ်ဓါတ်နဲ့
သိတ်ပြီး ညစ်ပတ်ကြပါတယ်။
စစ်တပ်ဆိုတာ ပြည်သူကိုအနိုင်ကျင့်ဖို့
မြှောက်ပင့်အားပေး
ဓားသွေး ခိုင်းထားတဲ့
အရိုင်းများရဲ့ ခိုလှုံရာ
ဗိုလ်တကာတို့ရဲ့ ဘုရင်ပါဘုရား။
ဗိုလ်နေဝင်း စစ်တပ်ဆိုတာ
ပစ်ခတ်ဖို့နဲ့ ညစ်ပတ်ဖို့ပဲ သိတာမဟုတ်လား။
ပြည်သူတွေကတော့ တက်တက်မွဲ
ရဟန်းကောင်းတွေက ခွက်လက်စွဲ
ဒင်းတို့တတွေက သဘက်သရဲ
လက်နက်ပဲ အဓိက
လက်နက်ပဲ ပဓာန
လက်နက်စိုးမိုးတဲ့ စစ်ဝါဒပါ။
ကိုယ်တော့်အဖို့ကတော့
ဥရောပ စူပါမားကက်မှာ
ငြိမ်သက်စွာ စံပယ်တာကမှ
အန္တရာယ်ခပ်သိမ်း၊ ကင်းပျောက်ငြိမ်းပြီး
သိန်းသန်းမက တန်ဖိုးတက်
ဗုဒ္ဓ ဗုဒ္ဓ ဆိုပြီး
နှုတ်ဟလို့ အမြွက်ခံရဦးမယ်။
စိတ်လက်မသာ ရှိတော်မမူပါနဲ့ ဘုရား။
မြန်မာစစ်ဗိုလ်တွေ လုပ်သမျှနဲ့တော့
ဗုဒ္ဓ ဗုဒ္ဓ အချုပ်က မတက်
ဒုက္ခဖက်ရရင်
မုချ မသက်မသာ ဖြစ်နေရမှာပါ။
တပည့်တော် ငပါမွှားက
တရားချတယ်မထင်ပါနဲ့
တိုင်းပြည်က ဒကာ ဒကာမအပေါင်း
အထောင်းခံရတာ များလွန်းလို့
ပြားပြားမှောက် နေရင်းက
တရားပေါက် ရခြင်းဖြစ်ပါတယ်။
ခွင့်လွှတ်တော်မူပါ
အရှင်ဘုရား။ ။

ဧပြီ ၁၂၊ ၂၀၀၀။

Author(s) တင်မိုး
Type PDF/E-Book
Category ကဗျာများး
No of Pages 82
Size 737 KB
Description ဒီစာအုပ်ထဲမှာပါတဲ့ ကဗျာတွေကြောင့် ဆရာကြီးတင်မိုး ဟာ စစ်အဆိုးရ ရဲ့ အကျဉ်းချခြင်းကို ၁၉၉၁ မှ ၁၉၉၅ အထိ ခံခဲ့ရပါတယ်။ ဘယ်လိုပဲ ဖြစ်ခဲ့ ဖြစ်ခဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တိုက်ပွဲ အတွက် ကလောင်နဲ့ ပါဝင်ခဲ့တာကို မိမိကိုယ်ကို ဂုဏ်ယူကြောင်းကို ပြောခဲ့ပါတယ်။
Download
click to Download

Post a Comment

Previous Post Next Post