ဒီမိုကရေစီဆိုတာ


ရုံးအဆောက်အအုံတွေ ကောင်းကောင်း ဆောက်ရုံ၊ 
လမ်းတွေ ကောင်းကောင်း ဖောက်ရုံနဲ့တော့ အစိုးရကောင်းလို့ မခေါ်နိုင်ပါဘူး
(ဆရာကြီး သခင်ဘသောင်းက "ဒီမိုကရေစီ...ဆိုတာ" ဆိုတဲ့ စာအုပ်တစ်အုပ်ကို ရေးခဲ့ပါတယ်။ 
အဲဒီစာအုပ်ကို ၁၉၅၄ ခုနှစ်မှာ ထုတ်ဝေခဲ့တာဖြစ်ပြီး နောင်အခါမှာ Knowledge Exchange Movement (KEM) က ပြန်လည်အနှစ်ချုပ် ရေးသားဖော်ပြခဲ့ပါတယ်။ အဲဒီထဲက လမ်း ၇ သွယ်လို့ ခေါင်းစဉ်တပ်ထားတဲ့ အခန်း (၄) တစ်စိတ်တစ်ပိုင်းကို ဝေမျှလိုက်ရပါတယ်။)

ဒီမိုကရေစီက လူတွေအတွက် လမ်း ၇ သွယ်ကို ညွှန်ပြပေးထားပါတယ်။ 
အဲ့ဒီလမ်း ၇ သွယ်ကတော့ - 
(၁) လူတိုင်းလူတိုင်းကို လေးစားခြင်းလမ်း၊ 
(၂) လူတိုင်းအခွင့်အရေး တူညီခြင်းလမ်း၊ 
(၃) လူတိုင်း၏ရပိုင်ခွင့်များလမ်း၊ 
(၄) လွတ်လပ်မှုရှိခြင်းလမ်း၊ 
(၅) အများသဘောကျ အုပ်ချုပ်ခြင်းလမ်း၊ 
(၆) နောင်ရေးမျှော်လင့်ချက်ရှိခြင်းလမ်း၊ 
(၇) လူအချင်းချင်း အမှီသဟဲပြုရခြင်းလမ်း တို့ဖြစ်ပါတယ်။ 


အများသဘောကျ အုပ်ချုပ်ခြင်းလမ်း

ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ တိုင်းပြည်တွေမှာ တိုင်းပြည်ရဲ့အာဏာကို ပြည်သူပြည်သားတွေကသာ တကယ်ပိုင်ပြီး အစိုးရဆိုတာ ပြည်သူတွေရဲ့ အစေခံအဖြစ်နဲ့ တိုင်းပြည်ကို ခဏအုပ်ချုပ်ရတာ ဖြစ်ပါတယ်။ ဥပဒေကို ဖောက်ဖျက်ကျူးလွန်နေတဲ့ အစိုးရဟာ သာမန် သူခိုးဓါးပြနှင့် ဘာမျှမခြားပါဘူး။ ပြည်သူတွေရဲ့ ဆန္ဒသဘောထားကို ဂရုမစိုက်တဲ့ အစိုးရတွေကို နောက်ရွေးကောက်ပွဲမှာ ပြန်ပြီး ဖြုတ်ချနိုင်ပါတယ်။ အစိုးရတွေရဲ့ အသက်ဟာ ပြည်သူတွေရဲ့ ဆန္ဒမဲအပေါ်မှာပဲ မူတည်ပါတယ်။
ဒါကြောင့် ဒီမိုကရေစီကျင့်သုံးတဲ့ အစိုးရဟာ ဘဝင်မြင့်တာ၊ သွေးနားထင်ရောက်တာတွေ မရှိဘဲ ပြည်သူတွေရဲ့ ကျေနပ်မှုကို ရရှိအောင် အမြဲကြိုးပမ်းကြပါတယ်။ တင်မြောက်ပြီးတဲ့ အစိုးရကိုလည်း ပြည်သူတွေက အမြဲတမ်း သတိနဲ့ စောင့်ကြည့်နေပြီး တောင်းဆိုချက်တွေ၊ ညွှန်ကြားချက်တွေ ပေးဖို့လည်း လိုပါတယ်။ အမှုမဲ့အမှတ်မဲ့ ထားခဲ့ရင် အခိုင်းခံအစိုးရဟာ ပြည်သူတွေရဲ့ သခင်ဘဝ (အာဏာရှင်)အဖြစ် ရောက်တယ်လို့ အစိုးရရဲ့ အာဏာနဲ့ လုပ်ပိုင်ခွင့်ကို ကန့်သတ်ထားဖို့လိုအပ်ပါတယ်။
ပြည်သူတွေဟာ ရွေးကောက်ပွဲတွေမှာ မဲပေးရုံနဲ့မပြီးဘဲ မိမိတို့ရွေးကောက် တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေရဲ့ အပြုအမူ လုပ်ဆောင်ချက်တွေကို အမြဲတမ်း စောင့်ကြည့်နေဖို့ လိုပါတယ်။ ကိုယ်စားလှယ်တွေဟာ မိမိတို့ လုပ်ဆောင်ရမယ့် တာဝန်တွေကို မကျေပွန်ပဲ အဂတိလိုက်စားပြီးနေတယ်ဆိုရင် ပြန်လည်ဖြုတ်ချဖို့လည်း လိုပါတယ်။ ဒီမိုကရေစီစနစ်ကောင်း မကောင်း၊ ပီပြင် မပီပြင်ဆိုတာကို တိုင်းသူပြည်သားတွေရဲ့ ဘဝအခြေအနေကို ကြည့်ပြီး တိုင်းတာလို့ရပါတယ်။
ဒီမိုကရေစီဝါဒဆိုတာ အပြောဝါဒမဟုတ်ပဲ တကယ့်လက်တွေ့ ပါဝင်ဆောင်ရရတဲ့ ဝါဒသာလျှင် ဖြစ်ပါတယ်။ နိုင်ငံရေးကို ကိုယ်နဲ့မဆိုင်သလို ပုံစံနဲ့ပွဲကြည့်ပရိသတ်လို ဘေးကရပ်ကြည့်နေတတ်တဲ့ လူတွေများရင် ဒီမိုကရေစီ စနစ်မရှင်သန်ဘဲ အာဏာရှင်စနစ်ပဲ ထွန်းကားရှင်သန် နေပါလိမ့်မယ်။
ဒီမိုကရေစီကျင့်သုံးတဲ့ တိုင်းပြည်တွေမှာ အစိုးရဆိုတာ ပြည်သူတွေရဲ့ အရှင်သခင်မဟုတ်ဘဲ ပြည်သူတွေရဲ့ အခိုင်းခံ၊ အစေခံ အဖွဲ့ပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီကျင့်သုံးတဲ့ တိုင်းပြည်တွေမှာ သက်ဦးဆံပိုင် ဘုရင်ဆိုတာ မရှိပါဘူး။ ရှင်ဘုရင် ရှိနေရင်လည်း ဒီမိုကရေစီ စနစ်ဟာ မရှင်သန်၊ မပီပြင်နိုင်ပါဘူး။ ဒါပေမဲ့ တိုင်းသူပြည်သားတွေ အနေနဲ့လည်း ကိုယ်နဲ့သက်ဆိုင်တဲ့ ကိစ္စအဝဝကို ပျင်းရိပေါ့ဆသောအားဖြင့် အစိုးရအဖွဲ့နဲ့သာ လွှဲအပ်ထားရင် အစိုးရအဖွဲ့ဟာ ရှင်ဘုရင် စိတ်ပေါက်လာပြီး ပြည်သူတွေအပေါ် နှိပ်စက်လာတတ်ပါတယ်။
        ဒါ့ကြောင့် ရွေးကောက်ပွဲတွေမှာ ရှင်ဘုရင် စိတ်ပေါက်နေတဲ့လူတွေ ဘဝင်မြင့်နေတဲ့လူတွေကို မဲမပေးမိဖို့လည်း လိုပါတယ်။ ရုံးအဆောက်အအုံတွေ ကောင်းကောင်း ဆောက်ရုံ၊ လမ်းတွေ ကောင်းကောင်း ဖောက်ရုံနဲ့တော့ အစိုးရကောင်းလို့ မခေါ်နိုင်ပါဘူး။ အစိုးရအဖွဲ့ ကောင်းမကောင်း ဆိုတာ ပြည်သူတွေအပေါ် ကျိုးနွံစွာ ဆက်ဆံမှု၊ ပြည်သူတွေကို စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာရှိအောင် ဆောင်ရွက်ပေးမှုတွေ အပေါ်မှာ မူတည်ပြီး ဆုံးဖြတ်ကြရပါတယ်။

Author(s) သခင်ဘသောင်း
Type PDF/E-Book
Category နိုင်ငံရေး
No of Pages 82
Size 16.9 MB (17,780,736 bytes)
Description ကမ္ဘာပေါ်တွင် လူထက်မြတ်သော သတ္တဝါ မရှိ။ လူတိုင်းလူတိုင်းသည် တူသော အာဏာရှိသည့် ရှင်ဘုရင်တွေချည်း ဖြစ်သည်။ လူမှန်လျှင် ဘယ်သူကမှ ဘယ်သူ့ထက် မသာ ဘယ်သူကမှလည်း ဘယ်သူ့အောက် မနိမ့်ကျ။
Download
click to Download

Post a Comment

Previous Post Next Post