နှစ်သစ်ဆုတောင်း - တင်မိုး



အမြင်ကျဉ်းမြောင်း

စိတ်ကျဉ်းမြောင်း၍

တွင်းအောင်းရသည့်ဘဝမှ လွတ်ပါစေ။ ။


စိတ်ဓာတ်သေးနုပ်

ဉာဏ်သေးနုပ်၍

ချုပ်ချယ်မှုအမျိုးမျိုးမှ လွတ်ပါစေ။ ။


တို့အချင်းချင်း

ခေါင်းထက်နင်း၍

သိမ်ဖျင်းလုပ်ဇာတ်

စိတ်ယုတ်ပတ်နှင့်

ပုတ်ခတ်ကြသည့်ဘဝမှ လွတ်ပါစေ။ ။


သူက မမှန်

ငါက မှန်ဟု

တယူသန်စွဲ

စိတ်သေးဖွဲနှင့်

ငရဲဘဝမှလည်း လွတ်ပါစေ။ ။


သူ့ဂုဏ်ကိုချ

ကိုယ့်ဂုဏ်ပြကာ

မာန စကား

တဖွားဖွားနှင့်

အမှားကမ္ဘာမှလည်း လွတ်ပါစေ။ ။


မကောင်းမှု ခင်

ကောင်းမှု ကြဉ်သည့်

ဉာဉ်ဆိုးဉာဉ်မိုက်

မီးပုံမြိုက်၍

ငိုရှိုက်ရခြင်းမှလည်း လွတ်ပါစေ။


တင်မိုး

Post a Comment

Previous Post Next Post