မြင်သည်နှင့်ရှယ်ပါ မရှယ်လျင် ကံဆိုးတတ်၏။

 


ဗုဒ္ဓဘာသာဆိုသည်မှာ သဒ္ဓါ နှင့် ပညာကို အခြေခံသော ဝေဘန်ဆန်းစစ်မှု ပညာကိုပါ အသုံးချသည့် တစ်ခုတည်းသော သိပ္ပံနည်းကျ ဘာသာဖြစ်ပါသည်။ ဝမ်းနည်းစရာ ကောင်းလှ သည်မှာ ယနေ့ Social Media ဟု ခေါ်ဆိုသော Facebook ပေါ်တွင် -

“လိုသည့်ငွေကို ရေး၍ ရှယ်ပါ ၊ တပတ်အတွင်း ထူးခြားလိမ့်မည်’’

“မယုံမရှိနှင့် ယနေ့တွေ့လျင် မနက်ဖြန် ငွေဝင်လိမ့်မည်”

“ငွေဝင်ထီပေါက် နိဗ္ဗာန်ရောက်ဖို့ မြင်တာနှင့် ရှယ်ပါ”

“အကြွေးကြေပါမည်၊ လာဘ်ကောင်းပါမည် မြင်တာနှင့်ရှယ်ပါ” အစရှိသဖြင့် Internet ပေါ် က ပေါက်ကရပုံများနှင့် တွဲတင်၍ ဗုဒ္ဓဘာသာကို အသုံးချကာ အတွေးအခေါ်နည်းပါးသည့် ပုထုဇဉ် လောဘသားများအား မိစ္ဆာအယူ အဆတွေကို ရိုက်သွင်းနေကြသည်ကို တွေ့ရှိနေရသည်။  တစ်ချို့ဆို မရှယ်လျင် ဒုက္ခရောက်မည် ဆိုသည်က ပါသေး၏။

ယနေ့ကာလတွင် ထေရဝါဒဗုဒ္ဓဘာသာဆိုသည်မှာ မြန်မာနိုင်ငံတွင်သာ ကျန်ရှိတော့ သည်ဖြစ်၍ ဤကဲ့သို့ တွေ့ရှိနေရသည်မှာ အလွန်အင်မတန်မှ ဝမ်းနည်းဖွယ်ရာ ကောင်းလှပေ သည်။

ထေရဝါဒဗုဒ္ဓဘာသာ ဟုတ်မဟုတ် စစ်ဆေးနိုင်သည့် မှတ်ကျောက်တစ်ခုရှိသည်။

လောဘ၊ ဒေါသ ၊ မောဟ များ လျော့ပါး ကင်းစင်ကြောင်း ဖြစ်သည်ဟု ဆိုလျင် ထေရဝါဒဗုဒ္ဓ ဘာသာ ဖြစ်၍ လောဘ၊ ဒေါသ ၊ မောဟ ၊ တိုးပွားကြောင်းဖြစ်လျင် မဟာယန ဟု၍ သိမှတ်နိုင်သည်။

အကြွေးကြေချင်သည်။ စီးပွားတက်ချင်သည်၊ ပိုက်ဆံရချင်သည်၊ ဆိုသည်မှာ ငွေကြေးရှာဖွေသူ ပုထုဇဉ်တို့ အဖို့ ရှောင်လွှဲ၍ မရနိုင်သော လောဘစိတ်ဖြစ်၍ သဘာ၀ကျလှ၏။

သို့သော် ကိလေသာနည်းကြောင်း ၊ ကိလေသာ ချုပ်ကြောင်း ဒုက္ခ အပေါင်းမှ လွတ်မြောက်ကြောင်း လမ်းမှန်ညွှန်ပြ ဆိုဆုံးမခဲ့သော သုံးလောက ထွတ်ထား မြတ်စွာဘုရားကို အကြောင်းပြု၍  လောဘတွေ တိုးပွားနေခြင်းမှာ မဖြစ်သင့်ပေ။

အကြွေးကြေချင်လျင် ၊ စီးပွားတက်ချင်လျင် ၊ စာမေးပွဲအောင်ချင်လျင် အစရှိသော ကိစ္စရပ်များ၌ အတ္တာဟိ အတ္တနော နာထော မိမိသာလျှင် မိမိ၏ကိုးကွယ်ရာ ဖြစ်သည်” ဟု ဆိုသကဲ့သို့ မိမိကိုယ်ကိုယ် အားကိုး၍ ရှာဖွေရမည်သာဖြစ်သည်။

ပုထုစဉ်တို့၏ သဘောသဘာ၀အရ အားကိုးတတ်သောစိတ်ရှိသည်မှာမှန်ပေ၏။

 ဗေဒင်ဆရာမှ အဆောင်ယတြာပေး၍ စာမေးပွဲသွားဖြေ ဂုဏ်ထူးထွက်မည်ဟုဆိုလျင် ယုံကြည်စရာရှိနိုင်ပါ၏လော။ မိမိကိုယ်တိုင် မကြိုးစာဘဲ အောင်နိုင်စရာ မရှိနိုင်ပေ။   

ဗုဒ္ဓဘုရားရှင်၏ မိမိသာလျှင် မိမိ၏ ကိုးကွယ်ရာ ဖြစ်သည်ဟူသည့် စကားမှာ မိမိကိုယ်တိုင် စောင့်ထိန်းရမည့် သီလ ၊ ကျင့်ကြံရမည့် သမာဓိ၊ ဆောက်တည်ရမည့် ဘာ၀နာတို့ကို အားကိုး ယုံကြည်ရမည်ဟု ဆိုလိုခြင်းဖြစ်သည်။

ကိုယ်စိတ်နှလုံးတို့ မဖောက်မပြန် မှန်မှန်ကျင့်ကြံခြင်းကိုသာ အားကိုးရမည်။ ကိုယ့်ဘ၀၏ တိုးတက်ရာ အတွက် မှန်ကန်သော အကျင့်ဖြင့် အသက်မွေးမှု၊ မှန်ကန်သော ပြော ဆိုနေထိုင်မှု စိတ်သဘောထား၊ စောင့်ထိန်းသင့် စောင့်ထိန်းအပ်သော အာရုံစူးစိုက်မှု စသည့် အသိအမြင် မှန်ကန်မှသာလျင် မိမိဘ၀သည်လည်း မှန်မှန်ကန်ကန် တိုးတက်ဖွံ့ဖြိုးမည် မဟုတ်ပါလား။

ကိုယ်ပြုသမျှကံ ကိုယ်သာခံ ဆိုသည့်အတိုင်း မိမိပြုလုပ်ခဲ့သော အလုပ်၊ အပြော၊ အတွေး စသည်တို့မှန်ကန်မှသာ မှန်ကန်ကောင်းမွန်သော ရလဒ်ရမည်ဆိုသည်ကို ယုံကြည်မှသာလျင် မိမိကိုယ်ကိုယ် အားကိုး ယုံကြည်ခြင်းဖြစ်ပါသည်။

မိမိလုပ်သည် အလုပ်ပေါ်တွင် နက်ရှိုင်းစွာ မယုံကြည်သူ အများစုသည် အခြားခြားသော  ယုံကြည်အားကိုးရာကို ရှာလေ့ရှိကြသည်။

ဗုဒ္ဓမြတ်စွာ ဘုရားဟောကြားခဲ့သော အတ္တာဟိ အတ္တနော နာထော မိမိသာလျှင် မိမိ၏ ကိုးကွယ်ရာဖြစ်သည် ဟု ဆိုသောတရားကိုသာလျင် ယုံကြည်ထိုက်ပါသည်။

မိမိကိုယ်တိုင်ကိုယ်က လိုက်နာကျင့်သုံး၍ ချင့်ချိန်စဉ်းစားဆင်ခြင်ကာ မိမိ၏ ကာယ၊ ၀ဇီ၊ မနော တို့ကို မှန်ကန်ကောင်းမွန်အောင် စောင့်ထိန်းကျင့်ကြံလိုက်နာ ဆောက်တည်နိုင်မှသာလျင်

ပညာအဓိက ဘုရားရှင် ဗုဒ္ဓမြတ်စွာ၏ တရားကို သိမြင်သူစစ်စစ် ထေရဝါဒဗုဒ္ဓဘာသာ စစ်စစ် ဖြစ်လာပါလိမ့်မည်။

 

            ကံဉာဏ် ဝီရိယ စုံလျင် မအောင်မြင်မှုသည် မရှိနိုင်ပါ။ အတိတ်ကံမပါလာ၍ ဟု မိမိကိုယ်ကိုယ် တွေးထင်မိလျင် ဉာဏ်အား ဝီရိယအားကို ပိုမို စိုက်ထုတ်၍ ကြိုးစားရင်း ပညာနည်းပါးသူတို့၏ အပြုအမူဖြစ်သော ဘုရားကို အသုံးချသူတို့၏ ဤ Post ကို ရှယ်ပါ ဆိုသော အရာများနောက်ကို မလိုက်ဖို့ တိုက်တွန်းလိုက်ရပါသည်။

 

 

ဆူးငယ်သစ်(ရန်ကုန်)

Post a Comment

Previous Post Next Post