အမေ့စကားများ


ကျွန်မအနေနဲ့ စာဖတ်ခြင်းဟာ အင်မတန်မှ အရေးကြီးတယ်ဆိုတာကို ခဏခဏပြောပါတယ်။ စာဖတ်ခြင်းမှာ အရေးကြီးတဲ့ကိစ္စက ဘာလဲဆိုရင် စာဖတ်တဲ့အခါမှာ တခြားသူတွေရဲ့ စိတ်ထဲ၊ ဦးနှောက်ထဲ၊ နှလုံသားထဲကို ၀င်ကြည့်လို့ရတဲ့ အခွင့်အရေးရှိပါတယ်။ ကိုယ့်အတွေးအခေါ်၊ ကိုယ့်ခံစားချက်တွေက တခြားသူတွေရဲ့အတွေးအခေါ်၊ ခံစားချက်တွေနဲ့မတူဘူး ဆိုတာကို စာဖတ်လိုက်တဲ့ အခါမှာ သဘောပေါက်သွားတယ်။

ဒါကြောင့်မို့ ကျွန်မတစ်ခါက ပြောဖူးပါတယ်။ တက္ကသိုလ်ကျောင်းသားအချို့နဲ့ စာအုပ်စာပေဆွေးနွေးပွဲတစ်ခုမှာ ကျောင်းသားလေးတစ်ယောက်က စာအုပ်တစ်ခုမှာ သူမကြိုက်ရတဲ့အကြောင်းရင်းက အဲဒီစာအုပ်ထဲက ကိစ္စတွေက လုံး၀ သူတို့ဘ၀နဲ့ ဆက်စပ်မှု မရှိလို့ဆိုတော့ ကျွန်မကအဲဒါကို သဘောမတူဘူးလို့ ပြောဖူးပါတယ။် ဘာလို့လဲဆိုတော့ ကိုယ့်ရဲ့ဘ၀နဲ့ ဆက်စပ်မှုမရှိတဲ့အကြောင်းတွေကို သိဖို့က ကိုယ့် ဘ၀နဲ့ ဆက်စပ်မှုရှိတဲ့ အကြောင်းတွေ့ကို သိဖို့လောက်ကို တန်းတူညီတူ အရေးကြီး ပါတယ်။

ဘာလို့လဲဆိုရင် ကိုယ့်ဘ၀ရဲ့ ကျဉ်းမြောင်းတဲ့ဘဝလေးအတိုင်းအထွာနဲ့ပဲ တစ်ကမ္ဘာလုံးကို ကြည့်မယ်ဆိုရင် အမြင်က ကျဉ်းမြောင်းသွားလိမ့်မယ်။ ဒါပေမယ့် လည်း ကိုယ့်ရဲ့ဘ၀အပြောင်းအလဲကို မသိဘဲနဲ့၊ ကိုယ့်ပတ်၀န်းကျင်အကြောင်းကို မသိဘဲနဲ့ ကျော်လွှားပြီးတော့ ကမ္ဘာကြီးကိုပဲ ကြည့်နေမယ် ဆိုရင်ကလည်း မပြီးပြည့်စုံ ဘူး။ စတာက ကိုယ့်ရဲ့ပတ်၀န်းကျင်နဲ့စရမယ်။ ကိုယ့်ရဲ့ဘ၀ကို နားလည်ရမယ်။ ဒါပေမယ့် ကိုယ့်ရဲ့ဘ၀ကို နားလည်ဖို့အတွက် တခြားသူရဲ့ဘ၀ကို လေ့လာခြင်းအားဖြင့် နားလည်နိုင်ပါတယ်။ ကိုယ်တစ်ယောက်တည်းခံစားရတာ တွေဟာ ကိုယ်တစ်ယောက် တည်း မဟုတ်ဘူး။ တခြားသူတွေလည်းဒီလိုခံစားရ တယ်။တခြားသူတွေလည်း ဒီလို၊ ဒါမှမဟုတ် ကိုယ့်ခံစားချက်နဲ့ တခြားသူတွေရဲ့ ခံစားချက်ကွာတယ်ဆိုတာ နှိုင်းယှဉ်ပြီး တော့လည်း ကြည့် လို့ရတယ်။

နောက်ပြီးတော့ နမူနာအနေနဲ့ ကြည့်ပြီးတော့ ဘာရှာရမယ်၊ ဘာဆောင်ရမယ် ဆိုတာကိုလည်း ကျွန်မတို့နှလုံးသွင်းလို့ရပါတယ်။ ဒါကြောင့် စာဖတ်ပါ၊ စာဖတ်ပါလို့ အမြဲပဲ ကျွန်မတို့ရဲ့ ပြည်သူလူထု လူကြီး၊ လူငယ်မရွေးကို အားပေးပါတယ်။ စာဖတ်တယ် ဆိုတာ အသက်နဲ့ မဆိုင်ပါဘူး။ စာဖတ်တတ်လာပြီဆိုရင် ငယ်သည်ဖြစ် စေ၊ ကြီးသည်ဖြစ်စေ စာဖတ်လို့ ရပါတယ်။ ကျွန်မတို့ရဲ့ လူငယ်တွေကို အားပေးချင် တာက တစ်နေ့ကိုတော့ နည်းနည်းတော့ စာဖတ်ဖြစ်အောင်ဖတ်ပါ။ ကိုယ့်စိတ်ထဲမှာ တော့ တစ်နေ့ကို တစ်ရွက်နှစ်ရွက်လောက်၊ တစ်မျက်နှာ၊ နှစ်မျက်နှာလောက်တော့ ရအောင်ဖတ်မယ် ဆိုပြီးတော့ သန္နိဋ္ဌာန်ချကြပါလို့ တိုက်တွန်းချင်ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်
၂၅-၀၉-၂၀၁၉

Post a Comment

Previous Post Next Post