ရန်သူလေးယောက်




ရှေ့နေတစ်ဦးနှင့် အနုပညာရှင်တစ်ဦးတို့သည် တစ်ရပ်ကွက်တည်းတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြသည်။


  ရင်းနှီးတဲ့သူငယ်ချင်းတွေမဟုတ်ပေမယ့် နေ့တိုင်း တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်ကြတယ်။ တစ်နေ့တော့ ရှေ့နေက ပန်းချီဆရာဆီလာပြီး ပြောတယ်၊ 


   " ခင်ဗျားကို ပြောရဦးမယ် ကျုပ်ဆီမှာ အမှု့အပ်နေကြဖောက်သည်တစ်ယောက်က ခင်ဗျားနဲ့ပတ်သက်တဲ့ မကောင်းတဲ့အရာတချို့ကို ပြောပြတယ်။''


 '' ခင်ဗျားဟာ မိုက်ရိုင်းတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ခင်ဗျားရဲ့အနုပညာလက်ရာအများစုဟာ အရည်အသွေးမရှိဘူးလို့ ပြောခဲ့တယ်။ ခင်ဗျားရဲ့အနုပညာကိုဝယ်တဲ့သူတိုင်းက ဘာမှ နားမလည်တဲ့မိုက်မဲတဲ့လူဖြစ်ရမယ်လို့လည်း ပြောတယ်။ခင်ဗျားနဲ့ပတ်သတ်ပြီးပြောတာ ရိုင်းရိုင်းဆိုင်းဆိုင်းတွေဗျာ။ခင်ဗျာ အဲ့ဒီလို လူမဟုတ်မှန်း ကျုပ်သိတာပေါ့။ မဟုတ်တာတွေ ပြောတဲ့ အဲ့သူဟာ ခင်ဗျားရဲ့ ရန်သူပဲ... ''


   ပန်းချီဆရာက သက်ပြင်းရှည်ရှည်နဲ့ ...


   "ဟုတ်တယ်၊ သူက ငါ့ရန်သူပဲ။ သူက ငါ့ရန်သူပဲ" ဟုပြောသည်။


   နောက်တစ်နေ့တွင် ရှေ့နေက ပန်းချီဆရာထံ ထပ်မံလာရောက်၍ ပြောပါသည်။ 


   "ခင်ဗျားကို ပြောရဦးမယ် စားသောက်ဆိုင်မှာ လူတစ်ယောက်နဲ့တွေ့တယ် ခင်ဗျားနဲ့ပတ်သတ်ပြီး စိတ်ညစ်စရာတွေပြောပြတယ်။ ခင်ဗျားက ဆေးလိပ်သောက်တယ်၊ မူးယစ်ဆေးဝါးလည်း အလွန်အကျွံသုံးတဲ့သူလို့ ပြောတာ။ ခင်ဗျားက လူမိုက်လည်းဖြစ်ဘူးတယ် သူများပစ္စည်းလည်းခိုးတယ်လို့ပြောသေးတယ်။ ကျုပ်ကိုတော့ တိုက်ရိုက်ပြောတာ မဟုတ်ဘူးပေါ့ဗျာ။ စားသောက်ဆိုင် မှာ ရှိတဲ့ သူ့အနားက လူတွေကိုပြောနေတာ။မဟုတ်တဲ့ အလိမ်အညာတွေပြောနေတာ ဆိုတော့ အဲ့ဒီစားသောက်ဆိုင်ထဲမှာပြောနေတဲ့ သူ က ခင်ဗျားရဲ့ ရန်သူပဲ။ ခင်ဗျားမှာ ရန်သူ နှစ်ယောက် ရှိနေတယ် ! ''


   ပန်းချီဆရာသည် သက်ပြင်းကိုလေးတွဲစွာ ချကာ ...


   "ဟုတ်တယ်၊ သူက ကျုပ်ရန်သူပဲ၊ ကျုပ်မှာ ရန်သူနှစ်ယောက်ရှိတယ်။" ဟု ပြောသည်။


   သုံးရက်မြောက်သောနေ့တွင် ရှေ့နေက ပန်းချီဆရာထံ ထပ်မံသွားရောက်၍ ပြောပြန်သည်။


   "ကြည့်စမ်းပါဦးဗျာ ၊ ကျုပ်တို့ပတ်ဝန်းကျင်က လူတစ်ယောက်က ကျုပ်ကို တားပြီး ခင်ဗျားနဲ့ပတ်သက်တဲ့ မဟုတ်တဲ့ အရာတွေကို ပြောတယ်။ ''


'' သူက ခင်ဗျားမှာ အရမ်းကူးစက်မြန်တဲ့ ရောဂါရှိတယ်၊ ခင်ဗျားနဲ့ နီးစပ်တဲ့သူက ကူးစက်လာလိမ့်မယ်။ ခင်ဗျားနဲ့ ခပ်ဝေးဝေးနေဖို့ ပြောနေတယ်။သူပြောတာတွေ မဟုတ်မှန်းကျုပ်သိတာပေါ့။ သူကလည်း ခင်ဗျားရဲ့ရန်သူပဲ။ ခင်ဗျားမှာ ရန်သူ သုံးယောက် ရှိနေပြီ။ ''


   ဒါပေမယ့် ဒီတစ်ခါတော့ ပန်းချီဆရာက ခေါင်းခါပြီး ပြောတယ်၊


   "မဟုတ်ဘူး၊ ခင်ဗျားမှားတယ်။ ကျုပ်မှာ ရန်သူလေးယောက်ရှိတယ်။"


   ရှေ့နေက ကန့်ကွက်တယ်။


   "မဟုတ်ဘူး၊ သုံးယောက်ပါဗျာ...''


   ထို့နောက် ပန်းချီဆရာက ပြုံးပြီး ပြောတယ်..


   "ဟင့်အင်း၊ အဲဒါ လေးယောက်ပဲ၊ ခင်ဗျားကိုလည်း သူတို့ထဲ ထည့်ရလိမ့်မယ်... '' 


'' ဒီလူတွေ ကျုပ်ကို မကောင်းပြောနေချိန်မှာ ခင်ဗျား ကျုပ်နာမည်ကို ကာကွယ်ဖို့ မကြိုးစားဘူး။ အဲဒီအကြောင်းကို အမြန်ဆုံး ကျုပ်ဆီအကြောင်းကြားဘို့ပဲပြေးလာတယ်။ ဒီတော့ ခင်ဗျားဟာ လည်းကျုပ်ရန်သူလို့ အဓိပ္ပာယ်ရတယ်။ တကယ်တော့ ခင်ဗျားဟာ ကျုပ်ရဲ့အနီးဆုံး ရန်သူပဲ!" 


   ရှေ့နေက ထိတ်လန့်တုန်လှုပ်သွားတယ်။ ကလေးတစ်ယောက်လို ရှက်ရွံ့စွာ ခေါင်းငိုက်စိုက်ချပြီး အခန်းထဲက ထွက်သွားလေသည်။


- သင်၏ရန်သူများကို ရေတွက်သောအခါ၊ တစ်စုံတစ်ယောက်သည် သင့်အား မကောင်းပြော နေချိန်တွင် သင့်အမည်ကို မကာကွယ်သောသူများကိုလည်း မမေ့ပါနှင့်။ သင်ဟာ လူကောင်းတစ်ယောက်ဆိုတာ သိပေမယ့် သူများတွေ သင့်အကြောင်း မကောင်းပြောနေတာကြားလျက်နှင့် နှုတ်ဆိတ်နေတတ်သူတွေ ဖြစ်ပါတယ်။ သင့်အားမကာကွယ်သော ထို သူတွေကလည်း သင့်ရဲ့ မိတ်ဆွေ မဖြစ်နိူင်ပါ။


        Saya U Khin Zaw ( ဘာသာပြန် )

Post a Comment

Previous Post Next Post