ဒီနေ့ ဘီဘီစီသတင်း ဖတ်ရင်းက စိတ်ဝင်စားစရာသတင်းလေးတစ်ပုဒ် ဖတ်ဖြစ်ပါတယ် ။ အင်္ဂလန်မှာ ဒုတိယကမ္ဘာစစ် နောက်ပိုင်းခေတ် စားတဲ့ ဘဏ်ချေးငွေနဲ့ အိမ်ကြီးကြီး ကားကောင်းကောင်းတွေ ဝယ်ပြီးနေတဲ့လူနေမှုပုံစံကနေ တော်သင့်သလောက် အိမ်လေးရယ် မရှိမဖြစ်လိုမှဝယ်တဲ့ ဂျပန်ကားလေးကိုစီးပြီး အကြွေးမထူလူမပူရဘဲခပ်အေးအေး နေတဲ့ပုံစံကို ပြောင်းလဲလာပါတယ်တဲ့ ။
အဲ့ဒီလို ကြွားဝါရမယ့်ကိစ္စတွေမှာ ငွေမသုံးပဲမရှိမဖြစ်တာလေးကိုစီစစ်ပြီးသုံးတာကို အင်္ဂလိပ်လို Frugal Liv ing လို့ခေါ်ပါတယ် ။
စားစရာဝတ်စရာ စတာတွေမှာ ငွေကုန်ကြေးကျများတဲ့ ဇိမ်ခံပစ္စည်းတွေ မလိုအပ်ပဲ ၊ ဝါသနာအရဝယ်တာကို လျှော့ပြီး သင့်တင့်မျှတအောင် နေတာပါ ။
အရင်းရှင်စနစ်ရဲ့ ကျောရိုးဖြစ်တဲ့ လောဘ အလျှောက်အလွန်အကျွံ ဝယ်ယူသုံးစွဲတဲ့ အကျင့်ကနေရှိတာလေးနဲ့ လှအောင်ဆင်ပြီး ရိုးရိုးရှင်းရှင်းနဲ့ နေလာကြပါတယ် ။
ဒီလို နေကြည့်တော့ ဘာသွားတွေ့သလဲ ဆိုတော့ဘဏ်တွေကနေ အကြွေးယူရတာ အတိုးပေးရတာနည်းသွားပြီး သူတို့နိုင်ငံကလူတွေ အတွက်ဆို အသက်၄၀လောက်မှာ ငွေကြေး စုမိဆောင်းမိ ဖြစ်သွားပြီးပင်စင်ယူ ကိုယ်ဝါသနာပါရာ လုပ်နေနိုင်သွားပါတယ် ။
ဒါ့အပြင် အလုပ်ရဲ့ကျေးကျွန်၊ လောဘရဲ့သားကောင်မဖြစ်တော့ပဲ မိသားစုအတွက် အရေးပါတဲ့တစ်ဦးပေါ်တစ်ဦး အချိန်ပိုပေးလာနိုင်ပါတယ် ။
ဂျပန်မှာဆိုလည်း Frugal living ဟာအလွန် ခေတ်စားပြီး အိမ်မှာ မလိုတဲ့ ပစ္စည်းတွေအမှိုက်သရိုက်တွေကို ရှင်းပြစ်ပြီး အိပ်ရာကိုတောင်ကုတင်နဲ့ မအိပ်ပဲ မွှေ့ရာလေး ကြမ်းပေါ်ခင်းအိပ်မနက်တိုင်း နံရံကပ်ဘီရိုထဲ ထည့်သိမ်း ကြပါတယ် ။ မလိုအပ်တဲ့အရာဆို သွားပွတ်တံထားတဲ့ ခွက်တောင် မထားပဲ ရေချိုးခန်းနံရံစောင်းမှာ စီထားတဲ့အထိပါ ။
အဝတ်အစားဆိုလည်း ရှိတာကိုသပ်သပ်ရပ်ရပ်ဝတ်ကြပြီး စားပွဲတစ်လုံံးထဲရှိတဲ့ ကြမ်းပြင်မှာ စုပြီး စားကြသောက်ကြ စာဖတ်ကြပါတယ်။
အရင်က ချမ်းသာတာကို ငွေကြေး ဘယ်လောက်ရှိတယ် ဆိုတာနဲ့ တိုင်းတာ ကြပေမယ့် အခုခေတ်မှာတော့ ချမ်းသာတာကို ဘယ်လောက် တင်းတိမ်ရောင့်ရဲ နိုင်သလဲ ဆိုတာနဲ့ တိုင်းတာပါတယ် ။
အလို နည်းခြင်းဟာ ချမ်းသာခြင်း အကြောင်းဆိုတာကို သူတို့ သိလာကြပါပြီ ။
Post a Comment