မှိုင်းညိုညဉ့်ရိပ်၊ လူခြေတိတ်၌
ရေဆိပ်အနား၊ ရွာတံခါးမှ
ကုပ်ကျားကျယ်လောင်၊ ဆီးကြိုဟောင်သော်
ဖိုးမောင်လာပြီ ဆိုကြသည်။
ဟောင်သံရပ်၍
ထပ်ကြပ်ပေါ်လာ၊ အသံမှာကားညခါငါးထောင်၊ မောင်ဖိုးမောင်သည်
ရွာတောင်ချောင်းက ပြန်ခဲ့ပြီ။
ဖိုးမောင်သံကြား၊ ကင်းသမားက
တံခါးကြီးအောက်၊ မလွယ်ပေါက်ကို
တစ်ယောက်ဝင်သာ၊ ဖွင့်လိုက်ပါသော်
ယာတွင်အုပ်ဆောင်း၊ ဝဲတက်ချောင်းနှင့်
ခါးစောင်း ကိုယ်ကိုင်း၊ ငါးပလိုင်းကို
လွယ်သိုင်းပြီးလျှင်၊ ရွာကိုဝင်သည်
လူပင်လေလား၊ တစ္ဆေလား။
တစ္ဆေမကြောက်၊ မြွေမကြောက်ဘဲ
တစ်ယောက်တည်းပင်၊ ညဉ့်မှောင်တွင်၌
သူလျှင်ငါးရှာ၊ မကျွေးပါက
ထိုရွာသူသား၊ လူအများတို့
ငါးစို ငါးစိမ်း ငတ်ပေလိမ့်။
ဆောင်းတစ်ည၌
ချမ်းမြစိမ့်အေး၊ လခြမ်းကွေး၍
ရွာဘေးကျီပျက်၊ မှောင်နက်နက်မှ
ဇီးကွက်ကအော်၊ တောက်တဲ့ကြော်စဉ်
ရွာပေါ်လွှမ်းအောင်၊ ကုပ်ကျားဟောင်သည်
ဖိုးမောင် လာချိန် ပါတကား။
သို့ဖြစ်သော်ငြား၊ ခါတပါးသို့
တံခါးဝင်လို၊ သူမဆိုဘဲ
မောင်းကိုထုပါ၊ လူစုပါဟေ့
ရွာကိုဘေးမှ၊ ကာကွယ်ကြလော့
ဓားပြငါ့အား၊ ဖမ်း၍ထားဟု
စကားမဆုံး၊ ဟစ်အော်တုန်းတွင်
ဒိုင်းဒုန်းဒိန်းသံ၊ ရွာလုံးညံသည်ချောင်းယံ ပဲ့တင် ထပ်သတည်း။
ဖိုးမောင်နိဂုံး၊ ဤတွင်ဆုံးလည်း
ရွာလုံးစိတ်တွင်၊ ဖိုးမောင်ဝင်၍
ပဲ့တင်ထပ်ကာ၊ ဟည်းလျက်ပါတည့်။
ဘယ်ခါမဆို၊ ဆီးလင့်ကြိုသို့
မှိုင်းညိုညဉ့်ရိပ်၊ လူခြေတိတ်၌
ရေဆိပ်အနား၊ ရွာတံခါးမှ
ကုပ်ကျားကျယ်လောင်၊ ရမ်းရော်ဟောင်သော်
ဖိုးမောင်လာပြီ ဆိုဆဲပင်။ ။
ဖိုးမောင်လာပြီကဗျာသည် ကဗျာစာဆို မင်းသုဝဏ် ရေးဖွဲ့ထားသော ကလေးကဗျာတပုဒ် ဖြစ်ပြီး၊ တရွာလုံးအတွက် ငါးရှာပေးသော ဖိုးမောင် အကြောင်းကို အပိုဒ်ရေ ၈ ပိုဒ်၊ ကာရံညီညီ၊ အသံချိုချိုဖြင့် ဇာတ်လမ်းသွား ရေးစပ်ဆိုထားသည်။ မှိုင်းညိုညဉ့်ရိပ်၊ လူခြေတိတ်၌ ဖြင့် အစချီသည်။
ဂျပန်ခေတ် ပြည်တွင်းစစ်ကာလတွင် တောသူတောင်သား ဆင်းရဲသားများ ဓားစာခံဖြစ်ရပုံကို ရည်ညွှန်းရေးဖွဲ့ခဲ့ခြင်း ဖြစ်သည်။ ကဗျာကို ၁၉၆၃ ခုနှစ် ဇန်နဝါရီလထုတ် မြဝတီမဂ္ဂဇင်းတွင် ဖော်ပြခဲ့သည်။
Post a Comment