တစ်သက် ရလဒ်


ပိစိမှုန်သေး 

ကိစ္စလေးနှင့် 

မိုက်သွေး ဒေါသ

စိတ်လွန်ကြွ၍

မုန်းကြစိတ်မှာ

ပြဿနာကြီး

လောင်ခဲ့မီးကြောင့်

မပြီးရှည်ကြာ

မောဟဖြာသည်

ဒဏ်ရာစိတ်တွင်း 

ဝင်ရောက်ခြင်းလည်း

ရှင်း၍မဆုံး

ဒုက္ခ ဖုံးပြီ

အရှုံးတို့သာ ထံအနီး

အမုန်းကိုယ့်မှာ ကျန်သတည်း။


ဆူးငယ်သစ်(ရန်ကုန်)



လူ့ဘဝ တစ်ခုဖြစ်လာရင်

မဖြစ်မနေ ရှင်းရမယ့် ပြဿနာပေါင်းမြောက်များစွာကို ရှင်းရလိမ့်ဦးမယ်။

ခက်ခဲတဲ့ ပြဿနာတွေ

လွယ်ကူတဲ့ ပြဿနာတွေ

အများကြီးကို လူတိုင်း လူတိုင်း ရင်ဆိုင်ဖြေရှင်း ကြရလိမ့်ဦးမယ်။

တစ်ချို့ အရာတွေမှာ 

ပြဿနာလို့ မဆိုထိုက်တာတွေရှိတယ်။

အဲဒါတွေကို သိဖို့ လိုအပ်တယ်။

အမှိုက်ကစ ပြဿဒ်မီးလောင်တယ်ဆိုတာမျိုးဟာ

အမှိုက်လို့ခေါ်တဲ့ ပြဿနာလို့ မဆိုထိုက်တဲ့ အရာတွေကြောင့် ပြဿဒ် လို့ ခေါ်တဲ့ ဘဝအတွက် ကြီးမားတဲ့ တန်ဖိုး ရှိအရာတွေ ဆုံးရှုံးရတတ်တာကို အဓိပ္ပါယ်ရှိရှိ သိရှိနားလည်နိုင်တဲ့ အသိဉာဏ်မျိုး ရှိမှ ဖြစ်လိမ့်မယ်။

တန်ဖိုးမရှိတဲ့ အမှိုက်ကြောင့် တန်ဖိုးရှိတဲ့ ပြဿဒ် ကို အဆုံးရှုံးခံရဖို့ ဘဝအတွက် ထိုက်တန်သလား စဉ်းစားတတ်ဖို့ လိုတယ်။

မလိုအပ်တဲ့ ပြဿနာတွေကို ရှင်းရမယ့် အစား

လိုအပ်တဲ့ ပြဿနာကို ဖြေရှင်းတတ်ဖို့ကြိုးစားရဦးမယ်။

ကိုယ့်အလွန် သူ့အမှား သူ့အလွန် ကိုယ့်အမှား မဖြစ်အောင် ဘဝမှာ နေထိုင်တတ်ဖို့လည်း ကြိုးစားရဦးမယ်။

ကျွန်တော်သိတဲ့ ဘဝအဓိပ္ပါယ်ဆိုတာမှာ

ဘဝအတွက် ဘာတွေ ချန်ခဲ့ပြီး မသေဆုံးခင် အချိန်အတွင်းမှာ ကျွန်တော်ဘယ်လောက် ပျော်ရွှင်ခဲ့သလဲ ဆိုတာကို ဆုံးဖြတ်ခဲ့ချင်တယ်။ စိတ်ညစ်စရာ တွေကြုံဦးမှာ မလွဲပေမယ့် မလိုအပ်တဲ့ စိတ်ညစ်မှုကို ရှာ‌ဖွေနေမယ့်အစား လိုအပ်တဲ့ ပျော်ရွှင်မှုကို ရှာဖွေသွားချင်တယ်။

ကိုယ့်ကြောင့်လည်း တစ်ပါးသူ စိတ်ဆင်းရဲဒုက္ခမကြုံခဲ့စေရပဲ လူပီသတဲ့ လူတစ်ယောက်အဖြစ် ရှင်သန်ရပ်တည်ဖို့လည်း လုပ်ရဦးမယ်။

ကိုယ့်ဘဝကို ကျေနပ်အောင် ကျွန်တော် ကြိုးစားရဦးမယ်။

ဘဝကို အရှုံးမခံဘဲ ပျော်ရွှင်မှုနဲ့ အနိုင်ပိုင်းချင်တယ်။

အရှုပ်ထဲမှာ ရှင်းအောင်နေပြီး ကျွန်တော် ပျော်ပျော်ကြီး သေဆုံးသွားချင်တယ်။

ဆူးငယ်သစ်(ရန်ကုန်)

Monday, January 18,2021 | 11:30 PM

Post a Comment

Previous Post Next Post