ဟန်ပြ ကရုဏာရှင်

 


ပရဟိတ ၊ စိတ်ထားလှ၍

အိမ်ကအရင် စသင့်၏။


သင့်တွင်ရှိထား ၊ ဤစိတ်ထားမှာ

များတွက်သာလည်း ဖြစ်သင့်၏။


အိမ်မှာငြူစူ ၊ ပြင်ကြလှူ၍

ကူညီဖေးမ ၊ သင်လှူပြလည်း

သိကြ သူငှါ ၊ ရယ်ဖွယ်ရာမို့

ဘယ်မှာ စိတ်ထားလှအံ့နည်း။


ဆူးငယ် သစ် (ရန်ကုန်)

TUE, 9AUG 9:00AM


ပရဟိတ စိတ်ကို အိမ်က အရင်စပါဆို တဲ့ ဆုံးမ စကားတစ်ခွန်းကို ကြားခဲ့ဖူးပါတယ်…။


ပါဠိ စကား အဓိပ္ပာယ် ဖွင့်ဆိုချက် အရဆို


ပရ = တပါးသူ၏

ဟိတ = အကျိုးစီးပွား လို့ အဓိပ္ပာယ် ရပါတယ်…။


ပရဟိတစိတ်ရှိသူဆိုတာ

တပါးသူ၏ အကျိုးစီးပွားကို မိမိအတွက်ဘာအကျိုးမှ မလိုအပ်ပဲ

စိတ်ရင်း အမှန် စေတနာနှင့် ကူညီလုပ်ဆောင်သူကို ခေါ်ပါတယ်။


ပရဟိတ လုပ်နေတဲ့ ဂုဏ်ဆိုတာတောင် သူအတွက် မလိုအပ်ပါဘူး။


အပြင်မှာ ပရဟိတ စိတ်ပြင်းပြသူအဖြစ် ဟန်ပြနေပြီ။


အထူးသဖြင့် အိမ်မှာရှိနေတဲ့ မိဘ ၊ ညီအစ်ကို မောင်နှမ အစရှိသဖြင့် သူတွေအပေါ်မှာ ငြူစူ စောင့်အောင့် နေတတ်ပြန်လျင်လည်း တရားနည်းလမ်းမကျပြန်ပါဘူး။


ပရဟိတ သမားဆိုတာ အများအကျိုးအတွက် မိမိအကျိုးကို စွန့်လွှတ် ထားသူတွေ ဖြစ်တဲ့အတွက်

ပြင်ပ လူတွေ အပေါ်မှာ မွန်မြတ်တဲ့ စေတနာ ထားနိုင်လျင် မိမိ မိဘ ညီအစ်ကို မောင်နှမ ဖြစ်တဲ့ မိမိရဲ့ မိသားစုဝင်တွေ ၊ မိမိဆွေမျိုးအသိုင်းအဝိုင်းတွေ ပေါ်မှာလည်း စွန့်လွတ်အနစ်နာခံတတ်တဲ့ စိတ်ရှိဖို့ လိုပါတယ်။


လူအထင်ကြီးအောင် ၊ ပရဟိတ သမားဆိုတဲ့ ဂုဏ်ရအောင်လုပ်နေတာ ဆိုလျင်တော့ ဒါဟာ

မိမိဂုဏ်သတင်း ၊ မိမိ ကိုယ်ကျိုးအတွက် လုပ်နေတာဖြစ်တဲ့ အတွက် မိမိကိုယ် မိမိ ရှက်သင့်ပါတယ်။


ဘာဖြစ်လို့လဲ ဆိုတော့ သင်ဟာ ပရဟိတ မဟုတ်ဘဲ

အတ္တဟိတ အတွက် အလုပ်လုပ်နေသူ ဖြစ်လို့ပါပဲ။


ဆန္ဒမွန်ဖြင့်

ဆူးငယ်သစ်(ရန်ကုန်)


Post a Comment

Previous Post Next Post