ကလေးတွေရဲ့ မေးခွန်း - ဆရာအောင်သင်း

 


အောင်သင်း

ကလေးတွေရဲ့ မေးခွန်း ၁ 

ကလေးတွေရဲ့ မေးခွန်းလို့ ပြောလိုက်ရသော်လဲ ငါ့အသက်နဲ့ လှမ်းကြည့်ပြီး ပြောလိုက်ရတာပါ။ တကယ်ဆိုတော့ လူပျိုပေါက် ကာလသားအရွယ်တွေ များပါတယ်။ ဆရာတော် ရှင်မဟာရဋ္ဌသာရရဲ့ လမ်းညွှန် ပညာရှာနည်းဖြစ်တဲ့ သု-စိ-ပု-ဘာ-ဝိ-လိ-သိ-ဓာ ဆိုတဲ့ လင်္ကာလေးကို မင်းတို့လဲ တွေ့ဖူး ကြမှာပေါ့။ ဒီလိုပဲ သူများပြောတာ၊ ဆိုတာကို နားထောင်မှတ်သား၊ ကိုယ်မသိတာ သူများကိုမေး လုပ်ကြရ တာကိုး။ ငါတို့လဲ ဒီလိုပဲ ဆည်းပူးခဲ့ကြရတာပဲ။ ဒီတော့ ငါက ကလေးတွေလို့ ဆိုခဲ့တဲ့ ကောင်လေး၊ ကောင်မလေးတွေ မေးတာကိုလဲ တတ်အားသမျှ၊ ကိုယ်သိ သမျှ ပြန်ပြီးပြောခဲ့ရတာပါပဲ။ မဖြေတတ်၊ မပြောတတ်တာတွေလဲ ရှိသပေါ့ကွယ်။ အခုတော့ဖြင့် ငါပြော ခဲ့သမျှလေးတွေကို ပြန်ပြီးရေးလိုက်ရ ပါဦးမယ်။


နွားနောက်


မေး။ ။ ဆရာ နွားနောက် ဆိုတာကို ခဏခဏ တွေ့ရတယ်။ ချင်းပြည် နယ်မှာဆိုရင် နွားနောက် မွေးမြူရေးခြံတောင် နိုင်ငံတော်က ဖွင့်ပေးထားတယ်လို့ သတင်းစာထဲမှာ တွေ့ရတယ်။ သတင်းဓာတ်ပုံ ကြည့်လိုက်တော့လဲ ရိုးရိုးနွားတွေလိုပါပဲ။ ဘာကြောင့် နွားနောက်ခေါ်တာလဲ။ သူတို့က နွားတစ်မျိုးလား။


ဖြေ။ ။ မင်းမေးမယ်ဆိုလဲ မေးစရာပဲ။ ငါလဲမင်းလိုပဲ ဝေ့လည်လည်ဖြစ် ခဲ့ဖူးပါတယ်။ မင်းက နွားနောက်လို့ အသံထွက်တယ်။ သူတို့က အထူးသဖြင့် မုဆိုးတွေက နွားလို့ မထွက်ဘူး။ နွားထီး၊ နွားမ၊ နွားသိုး ဆိုတာကို နထီး၊ နမ၊ နသိုးလို့ ထွက်ကြသလို နွားနောက်ကိုလဲ နနောက်လို့ အသံထွက်ကြတယ်။


ဘာကြောင့်နွားနောက်လို့ ခေါ်တာကို မေးကြည့်တော့ နွားနောက်၊ ရှေ့ ကျွဲလို့ ပြောတယ်။ ရှေ့ကကြည့်ရင် ကျွဲနဲ့တူတယ်။ နောက်က ကြည့်ရင် နွားနဲ့တူတယ်။ ဒါကြောင့် နွားနောက်၊ ရှေ့ ကျွဲလို့ ခေါ်ခဲ့ကြတာ။ အဲဒီက နွားနောက်ပဲ ကျန်ရစ်ခဲ့တာလို့ ပြောကြတယ်။ ဒီသတ္တဝါကို ကြည့်ပြီး ရှေ့က မြင်တဲ့သူက ကျွဲလို့ပြော၊ နောက်ကမြင်လိုက်တဲ့သူက နွားပါပဲလို့ ငြင်းကြသလို ဆိုတာကို ဥပမာပေးထားတာတောင်ရှိတယ်။ ငါ မှတ်မိသလောက်တော့ ကင်းဝန်မင်းကြီး ရေးတဲ့ နေမိရကန်ထဲမှာ ထင်တာပဲ။


ဒါပေမယ့် ဒီကောင်တွေက ရိုင်းတယ်။ ကျွဲလို၊ နွားလို ခိုင်းလို့ မရဘူး မဟုတ်လား။ ဒါနဲ့ မုဆိုးတွေကို မေးကြည့်တော့ သူတို့ ပြောတာက ”ဘယ်ခိုင်းလို့ ရမလဲ။ သူတို့က တောကျွဲနဲ့ တောနွားစပ်ပြီး မွေးလာတဲ့ကောင်တွေ။ ပြောင်နဲ့စိုင် စပ်ပြီး ကျထားတဲ့ ကောင်တွေဆရာရဲ့။ ပြောင်ကို တောကျွဲလို့ ခေါ်တာပဲ။ စိုင်ကို တောနွားလို့ ခေါ်တာပဲ။ ဒီတော့ နွားနောက်က တောရိုင်းသတ္တဝါ သက်သက်ပဲ။ အခု သူတို့ မွေးထားတာက အသားစားဖုိ့ သက်သက်ပဲ။ ချင်းပြည်နယ်မှာလဲ အသားစားဖို့ သက်သက်ပဲ မွေးကြတာပါ။ အဲဒါ ငါကြားဖူးနားဝရှိသမျှ ပြန်ပြောခဲ့တာပါပဲ။ မှားတာရှိရင်၊ ဖြည့်စွက်ချင်ရင် စျေးကွက်ကို လှမ်းပြီး စာရေးလိုက် ကြပေါ့ကွယ်။


ဒေါင်းတောက်


မေး။ ။ ဆရာ ဒေါင်းတောက်အောင် ရှာရတယ်ဆိုတာ လူတွေပြောတာကို မကြာခဏကြားဖူးတယ်။ ဒေါင်းတောက်အောင် ဆိုတာဘာလဲမေး ကြည့်တော့လဲ ဘယ်သူမှ ရေရေရာရာ မပြောနိုင်ကြဘူး။ ဒေါင်းတောက် အောင်ဆိုတာကို ဘာကြောင့် ပြောကြတာလဲ။ ဘာအဓိပ္ပာယ်လဲဆရာ။


ဖြေ ။ ။ အေးမင်းတို့လိုပဲ ငါလဲ အူလည်လည် ဖြစ်ခဲ့ဖူးတယ်။ သို့သော်လဲ ငါက ကံအားလျော်စွာ ရင်းမြစ် အဖြေကို သိလာရတယ်။ ငါက စာပေဟောပြောပွဲတွေသွားရင်း တော ခေါင်ခေါင် ကျေးရွာလေးတစ်ခုကို ရောက်သွားခဲ့ပါတယ်။ ငါမှတ်မိ သလောက်တော့ဖြင့် တောင်တွင်းကြီး နဲ့ နေပြည်တော် ပျဉ်းမနားကြား မီးရထား ဘူတာလေးရှိတဲ့ မင်းပြင်ဆိုတဲ့ ရွာကလေး ထင်မိတာပဲ။ တောအုပ် မြိုင်အုပ် အလွန်ကြီးတဲ့ နေရာတွေပေါ့။ အဲဒီမှာက ညနေပိုင်းဆိုရင် နေစောင်းတာနဲ့ မှောင်ရီပျိုးလာတာပဲ။ အဲဒီလို မှောင်ရီပျိုးစအချိန် ညစာအတွက် ထမင်းပွဲပြင်နေကြတုန်းမှာ တောထဲက ဒုတ်ဒုတ်နဲ့ သစ်ခုတ်သံ ကြားရတာကိုး။ ဒါနဲ့ပဲ ငါက နားစွင့်နေလိုက်ရင်း ”ဒီအချိန်မှာတောင် သစ်ခုတ်တဲ့လူ ရှိသေးသလား”လို့ မေးလိုက်တော့ အိမ်ရှင်ကပြုံးပြီး ”သစ်ခုတ်တာမဟုတ်ဘူး။ ဒေါင်းတောက်နေတာပါ”တဲ့။ ငါလဲ အံ့အားသင့်ပြီး ”ဒေါင်းက သစ်ပင်ကို နှုတ်သီးနဲ့ ပေါက်နေတာလား”လို့ မေးတော့ ”မဟုတ်ဘူး ဆရာ။ အဲဒီအတိုင်း ဒေါက်ဒေါက်နဲ့ မြည်နိုင်ပါတယ်။ ဒီလိုပါပဲ နေဝင်ချိန် အိပ်တန်းတက်တော့မှာမို့ သားသမီးတွေကို လိုက်ရှာအသံပေးပြီး စုခေါ်တာပေါ့ ဆရာရယ်”တဲ့။ ငါ့စိတ်ထဲမှာ လုံးဝ မထင်မှတ်တာမို့ အံ့အား တောင်သင့်သွားမိတယ်။ အသံက ဒေါက်ဒေါက်နဲ့ မာလွန်းလို့ ဒေါင်းတွန်တာနဲ့ ဆက်စပ်လို့ကို မရနိုင်လောက်အောင်ပါပဲ။ ဒေါင်းမိခင်၊ ဖခင်က သားသမီးတွေကို အိပ်တန်းတက်ချိန်မှာ ရှာကြ၊ ဖွေကြတာကိုးကွယ့်။ အဲဒါကို ဥပမာပေးပြီး ပြောတာမို့ ဒေါင်းတောက်သလို ရှာတယ်လို့ ပြောခဲ့ကြတာ။ စဉ်းစားကြည့်တော့ ဒေါင်းတောက်သလိုလို့ သုံးခဲ့ကြတာဖြစ်မှာပေါ့။ ခုတော့ ဒေါင်းတောက် အောင်လို့ ပြောနေ ကြတယ်။ ငါလဲ ဒီလိုပဲ ပြောမိခဲ့တာပါပဲ။ တကယ်ဆိုတော့ ရင်းမြစ်ကို မသိကြလို့ ဒီလို ပြောနေကြတာပါ။ ကဲ-ဒေါင်းတောက်တာကို နားလည် ရော့ပေါ့။ ဒေါင်းတွန်တာကိုကော သိရဲ့လား။ ဘယ်လိုတွန်သလဲ။


”အိုးဝေလို့ တွန်တာပေါ့ ဆရာ”


”မင်းကြားဖူးသလား”


”မကြားဖူးဘူးဆရာ”


”အေး-ဟုတ်လိမ့်မယ်။ ဘယ် ကြားဖူးမလဲ။ တောကြီးမြိုင်ကြီးထဲမှာ ဆိုရင်တော့ တောလုံးဟိန်းသွားအောင် မြည်တာပေါ့။ ဒါပေမယ့် အသက်ကြီးလာတော့ အိုးဝေလို့ မမြည်နိုင်တော့ဘူး။ အိုးဝေထိအောင် မရောက်တော့ဘဲ အွတ်လို့ပဲ မြည် နိုင်သတဲ့။ ဒါကြောင့် ဒေါင်းကြီး တော့အွတ်၊ ကြောင်ကြီးတော့ ညွတ် လို့ ပြောကြတယ်။


”ကြောင်ကြီးတော့ ညွတ်ဆိုတာက”


”ကြောင်ဆိုတာ ညောင်လို့ မြည်တတ်ကြတာ မဟုတ်လား။ ဒါပေမယ့် အသက်ကြီးလာတော့ ညောင်လို့ မြည်ပေမယ့် ညောင့်ညွတ်လို့ပဲ အသံထွက်နိုင်တော့တယ်။ ဒါကြောင့် ဒေါင်းကြီးတော့ အွတ်၊ ကြောင်ကြီးတော့ ညွတ်။ လူပျိုကြီးတော့ ဇွတ်တဲ့။ မင်းတို့လို ကောင်မျိုး တွေပေါ့ကွာ”


”ဟာ- ဆရာကလဲ ထားပါတော့။ အပျိုကြီးတော့ကော”


”အပျိုကြီးတော့ ရွှတ်တဲ့”


”ဟာ-ဆရာကတော့ ပြောပြီ။ ရွှတ်ဆိုတာ ဘာလဲဆရာရဲ့”


”ရွှတ်တီး ရွှတ်တောက် ပေါက်တတ်ကရ ရယ်စရာတွေ လုပ်တတ်တာကို ပြောတာကွယ့်။ ဒီကောင်လေးနော် မျက်စိနောက်လာပြီ။ ငါတော့နင့်ကို ဖက်နမ်းမိတော့မှာပဲ ဆိုတာမျိုး လူကြား သူကြားထဲမှာ ပြောချင်ပြောပစ်တာ။ ကောင်လေး ပေါက်စတွေက အပျိုတွေ ဝိုင်းရယ်တော့ ရှက်ကြတာပေါ့”


”ဆရာကတော့ ပေါက်တတ်ကရတွေ စုံနေအောင်ပြောတာပဲ”


”အေးလေကွာ၊ ငါက ထွင်တာမဟုတ်ပါဘူး။ လူကြီးတွေ ပြောတာကို မှတ်ထားရတာပါ။ မင်းလဲ မှတ်သွားပေါ့ကွာ”


”မှတ်မိပါတယ်ဆရာ။ ဒေါင်းကြီးတော့ အွတ်၊ ကြောင်ကြီးတော့ ညွတ်၊ လူပျိုကြီးတော့ ဇွတ်၊ အပျို ကြီးတော့ ရွှတ်”


”ဟကောင်ရ ဒေါင်းတောက်တော့ကော”


”မှတ်မိပါတယ် ဆရာရဲ့”


အောင်သင်း


 


ကလေးတွေရဲ့ မေးခွန်း ၂ 

 


အောင်သင်း


မင်းတို့လူငယ် ပရိသတ် သိကြတဲ့အတိုင်း ငါက ကျောင်းဆရာ ဘဝမှာ ကျင်လည်ခဲ့တာ။ ဒီတော့ ကလေးတွေက သူတို့သိချင်တာလေးတွေကို မေးကြတော့တာပဲ။ ကိုယ်က သေသေချာချာ ဖြေနိုင်တာလဲပါရဲ့။ ဝိုးတဝါး ကြားဖူးနားဝ ရှိတာလေးတွေလဲပါရဲ့၊ တချို့ကျတော့လဲ ဖြစ်နိုင်လောက်တာလေးကိုတွေးပြီး ဖြေလိုက်ရတာလဲ ရှိရဲ့ပေါ့ကွယ်။ ငါဖြေလိုက်တာတွေ အားလုံးကို တထစ်ချ မှန်ပြီရယ်လို့တော့ ဘယ်မှာဆိုနိုင်ပါ့မလဲ။ ဒါကြောင့်ပြီးခဲ့တဲ့အပတ် ဆောင်းပါး-၁ ထဲမှာ ငါ့အဖြေတိမ်းပါး နေရင်လဲ စျေးကွက်ဂျာနယ်က တစ်ဆင့်လှမ်းပြီး စာရေးလိုက်ကြပါလို့ရေးခဲ့ရတာပါ။ ကဲ- ဒီတစ်ပတ်လဲ တိုတိုထွာထွာလေးတွေကို ဖတ်ကြည့်လိုက်ပါဦး။


ခွေးဖြူတောမတိုးဝံ့


မေး။ ။ ဆရာ ခွေးဖြူတော မတိုးဝံ့လို့ ပြောကြတယ်။ ကျွန်တော်တို့ကို လူကြီးတွေက လူရာသူရာ ဝင်နိုင်လောက်တဲ့ အရည်အချင်း မရှိဘူးလို့ ပြောချင်ရင် ခွေးဖြူတောမတိုးဝံ့ ဖြစ်နေမယ် စသည်အားဖြင့် ပြောတတ်ကြတယ်။ အဲဒီမှာ ခွေးကအရောင် ဖြူနေတော့ တောတောင်ထဲမှ တောကောင်သားကောင်တွေက မြင်လွယ်နေတာကြောင့် ပြောတာလား သို့မဟုတ် ခွေးက ဖြူကောင်တွေရဲ့ ကြားကို မတိုးဝံ့တာလား ခွေးဖြူ-တော မတိုးဝံ့လား ခွေး-ဖြူတောမတိုးဝံ့ လား


ဖြေ။ ။ အေးကွ။ ရွတ်ဆိုတဲ့အခါမှာ အဖြတ်အတောက်တိမ်းပါး နေတာမျိုးတွေပေါ့။ ငါကတော့ ခွေး-ဖြူတော မတိုးဝံ့ ဆိုတာက ပိုပြီးသဘာဝကျတယ်လို့ ထင်မိတယ်။ ဖြူဆိုတဲ့ သတ္တဝါကို မင်းတို့ကြား ဖူးပါလိမ့်မယ်။ မြင်ဖူးလျှင်လဲ မြင်ဖူးပါလိမ့်မယ်။ ဒီကောင်လေးတွေက မွေးကတည်းက (ဥကပေါက် ကတည်းက) အမွေးနု ဆူးလေးတွေ ပါလာတယ်လို့ ပြောတယ်။ နောက်တော့မှ အဲဒီအမွေးနုလေးတွေက ဆူးအဖြစ် မာလာတာလို့ ပြောတယ်။


ဖြူဆူးလေးတွေကို မင်းတို့ မြင်ဖူးလားမသိဘူး။ သုံးလေးလက်မ လောက်ထိအောင် ရှည်တတ်တယ်။ ဝါကျင့်ကျင့် အရောင်ဆူးလေးအလယ်မှာ ခပ်မည်းမည်း အရိပ်တွေပါတယ်။ သူက ရန်သူကိုတွေ့ရင် သူ့ကိုယ်ပေါ်က ဆူးတွေကို ပစ်လွှတ်တတ်တယ်။ အနံ့ခံလဲ အလွန်ကောင်းတယ်လို့ ပြောတယ်။ တောလိုက်ခွေးတွေ ဘာတွေလာရင် အဲဒီလိုဆူးနဲ့ ပစ်လွှတ်ကြသတဲ့။ ခွေးတွေမှာ နှာခေါင်းမှန်၊ ခေါင်းမှန်နဲ့ တကိန်ကိန်အော်ပြီး ပြေးတော့တာပဲတဲ့။


ဒီတော့ ခွေးတွေက သူတို့ကို ကိုက်ဖို့ဝေးလို့ အနားတောင် မကပ်ဝံ့ဘူးဆိုကိုး။ အဲဒီခွေးနဲ့ ဖြူမိသားအုပ်တွေ့ပုံကို ရေးထားတဲ့ ဝတ္ထုတိုလေး တစ်ပုဒ်ကိုတောင် ဖတ်လိုက်ရဖူးသေးတယ်။ ငါမှတ်မိသလောက်တော့ ဖိုးကျော့ရေးတယ်လို့ ထင်မိတာပဲ။


ဒါကြောင့် ငါကတော့ ခွေးဖြူတောမတိုးဝံ့ကို ပိုပြီးကြိုက်တယ်။


လိပ်ခဲတည်းလည်း


မေး။ ။ ဆရာ လိပ်ခဲတည်းလည်းလို့ ပြောကြတယ်။ မထွေးနိုင် မအန်နိုင်၊ တို့လို့ တန်းလန်းဖြစ်နေတယ် ဆိုတာတော့ နားလည်ပါတယ်။ မူရင်းအဓိပ္ပာယ်က ဘာကိုဆိုလိုတာလဲ ဆရာ။


ဖြေ။ ။အေးကွ၊ ရယ်စရာအတော်ကောင်းတဲ့ အဖြစ်အပျက်ကလေး တစ်ခုပါပဲ။ ငါလဲ ငါးရာငါးဆယ် ဇာတ်ဝတ္တုတွေကို အားလုံးဖတ်ဖူးပါတယ်။ ဒီဝတ္တုလေးကတော့ အတော်လေးကို ရယ်စရာ ကောင်းတယ်။နောက်ပြီး ဘုရားအလောင်းကိုယ်တိုင်က ရယ်ရယ်မောမော ရွှတ်တီးရွှတ်တောက် ပြောတာလဲ ဒီဝတ္တုလေးမှာပဲ တွေ့ဖူးတယ်။ ဝတ္တုရဲ့ အမည်တွေ ဘာတွေတော့ မေ့နေပြီကွ။ မင်းတို့ ဘဘာသာရှာပြီး မှတ်ကြပေတော့။


ဘုရားအလောင်း ရသေ့က တောရမှီပြီး တရားအားထုတ်နေတယ်။ အဲဒီမှာ ကျောင်းသင်္ခမ်းနားက မျောက်တစ်ကောင်က ဘုရားအလောင်းကို မကြာခဏ အနှောင့် အယှက်ပေးတယ်။ ဟိုပစ္စည်းဆွဲပြေးလိုက်၊ ဒီပစ္စည်းလွှင့်ပစ်လိုက်၊ ဘုရားအလောင်းကိုတောင် ထိကပါး၊ ရိက ပါးဆိုသလို ပုတ်လိုက်ခတ်လိုက် လုပ်ချင်သေးတယ်။ ဘုရားအလောင်းကတော့ သည်းခံနေတာပေါ့ကွယ်။


ကျောင်းသင်္ခမ်းဆိုတာလဲ မြစ်၊ ချောင်း၊ ကန်စသည်အားဖြင့် ရေနီးတဲ့ နေရာကို မှီခိုရတာကိုး။ တစ်နေ့ မှာတော့ ရေစပ်နားမှာ လိပ်တစ်ကောင်ကို မျောက်က တွေ့ပါလေရော။ လိပ်ဆီကို ပြေးသွားလိုက်တော့ လိပ်က သူတို့သဘာဝအတိုင်း ခြေလက် ဦးခေါင်းကို လိပ်ခွံထဲပြန်သွင်းပြီး လုံခြုံရေး လုပ်တာပေါ့။


ဒီတော့ မျောက်က အပြေးလေး သွားတဲ့ပြီး လိပ်ခေါင်းဝင်သွားတဲ့ အခေါင်းထဲကို မတော်တရော်လုပ်ပါလေရော။ ဒီတော့ လိပ်က မျောက်ရဲ့အင်္ဂါကို ခဲထားလိုက်တာပေါ့။ ဒီတော့မျောက်မှာ မရှုနိုင် မကယ်နိုင် ဖြစ်ပါလေရော။ ဘာမှကို မလုပ်တတ်တော့ဘူး။ ဒီအခါမှ ဘုရားအလောင်းဆီ အကူအညီ တောင်းရတော့တာကိုး။ ဘယ်လိုလုပ်ရသလဲဆိုတော့ လိပ်ကိုပါ လက်နဲ့ပိုက်ပြီး ကွတကွတနဲ့ ရောက်လာတာပေါ့။ ဘုရားအလောင်းက မြင်လိုက်တော့ပြုံးပြီး ”အဆွေရသေ့… သင်သည်ငါ့ထံမှ မည်သည့်အရာကို အလှူခံလိုသဖြင့် သပိတ်ကို ပိုက်၍လာပါသနည်း”လို့ မေးတယ်။ မျောက်ကတော့ ဘယ်မှာ နောက်တီးနောက်တောက် လုပ်နိုင်ပါတော့မလဲ။ လိပ်ခဲတည်းလည်း တန်းလန်းနဲ့ မျက်လုံးလေးပေကလပ် ပေကလပ်လုပ်ပြီး ကယ်တော်မူပါလို့ ဆိုသလို ဘုရားအလောင်းကို ကြည့်နေတာပေါ့။ ဒီတော့မှ ဘုရားအလောင်းက လိပ်ကို စကားဆိုတယ်။ ”ယုတ်မာသောသူကို ယုတ်မာသော အမှုဖြင့် တုံ့ပြန်ခြင်းသည် မသင့်” ဆိုတာမျိုးပေါ့ကွယ်။ ဒီတော့မှ လိပ်က သူခဲထားတာကို လွှတ်ပေးလိုက်တယ်။ မျောက်လဲ ချာခနဲလှည့်ပြီး ပြေးတော့တာပဲ။ အဲဒီကစပြီး ဘုရား အလောင်းကို အနှောင့်အယှက် မပေးတော့ဘူး။


ငါခပ်ငယ်ငယ်က အဲဒီဝတ္တုကို ဖတ်ပြီး မျောက်ပုံစံကို မြင်ယောင်ရင်း တခွိခွိ ရယ်မိတာကို မှတ်မိနေသေးတယ်။


ကဲ၊ ငါသိတဲ့ လိပ်ခဲတည်းလည်းဆိုတာ အဲဒါပါပဲ။


ယုန်မရခင်က သံပရာရှာ


မေး။ ။ ဆရာ ယုန်မရခင်က သံပရာရှာလို့ ပြောတယ်။ ယုန်သားက သံပရာသီးနဲ့စားမှ ကောင်းတာလား၊ သံပရာနဲ့ ယုန်နဲ့ ဘယ်လို ပတ်သက်နေလို့လဲ။


ဖြေ။ ။ အေးကွ၊ မွန်သူရဲကောင်း သမိန်ဗရမ်းနဲ့ တရုတ်စစ်သူကြီး ဂါမဏိတို့ စီးချင်းထိုးပွဲမှာ သမိန်ဗရမ်းက ရန်သူရဲ့ ဦးခေါင်းကိုချိတ် ယူဖို့ ချွန်းတစ်ချောင်းနဲ့ ဦးခေါင်း ထည့်ယူဖို့ ခြင်းတစ်ခု လိုချင်တယ် ဆိုတော့ ကြားသူတွေက ယုန်မရခင်က သံပရာရှာတယ်လို့ ရယ်သွမ်း သွေးကြတယ်ဆိုတာ ပါလာတယ်။ ငါလဲ ဝေ့လည်လည် ဖြစ်ခဲ့တာပဲ။


အဲဒီမှာ ဇော်မြင့် (မင်းတို့သိတဲ့ ဇော်ဇော်အောင်)ကပြောပြလို့ ငါလဲသိခဲ့ရတာ။ သူကအညာ မုံရွာသားကွယ့်။ သံပရာပိုင်း ဒယ်အိုးလေးတွေကို ပြောတာ။ အညာမှတော့ သံပရာပိုင်း ဒယ်အိုးလို့တောင် မပြောကြတော့ဘူး။ သံပရာလို့ပဲ ပြောကြတယ်။ ဒယ်အိုး ဆိုတာက မင်းတို့တွေ့နေကျ အကြော်ဆိုင်က ဒယ်အိုးကြီးတွေ မဟုတ်ဘူး။ သံပရာသီးကို ထက်ဝက်ပိုင်းထားသလို ဒယ်အိုးအသေးလေးတွေကို ပြောတာ။ ဒီတော့ ယုန်မရခင်က ဒယ်အိုးရှာတယ် ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။


အောင်သင်း

Post a Comment

Previous Post Next Post