အနီးဆုံးသူ၏တန်ဖိုး

တစ်ခါက နယ်စားမင်းတစ်ဦးဆီမှာ မောင်နီဆိုတဲ့ လုလင်တစ်ယောက်ဟာ နှစ်ပေါင်းများစွာ အမှုထမ်း ခစားနေခဲ့ပါတယ်။ 


နှစ်ရှည်လများစွာ အမှုထမ်း ခစားနေပေမဲ့ 

မောင်နီဟာ မထင်မရှား ရာထူးကလေးမှာပဲ တာ၀န် ထမ်းဆောင် နေရတာကြောင့် စိတ်ပျက်နေခဲ့မိတာပေါ့..


ဒါကြောင့် မောင်နီဟာသူ့သခင် နယ်စားမင်းကြီးအား လျှောက်တင်လိုက်ပါတယ်

“ အရှင်နယ်စားမင်းကြီး ကျွန်တော်မျိုးတော့ 

တောငန်းဖြူကြီးတွေလို ဟိုးအဝေးဆီ ပြန်တော့မယ် ခင်ဗျာ”


နယ်စားမင်းကလည်း

“ဟေ့...ဘာဖြစ်လို့လည်းကွ၊ ရှင်းရှင်းလင်းလင်း ဆိုစမ်းပါအုန်း” လို့မေးပါတော့တယ်


“ နယ်စားမင်းကြီး ခင်ဗျာ.. ခြံထဲက ကြက်ဖကို မြင်တယ်မဟုတ်လား” လို့ မောင်နီကဆိုပါတယ်..


“ သူ့ခေါင်းမှာ ဆောင်းထားတဲ့ အမောက်ဟာ ယဉ်ကျေးမှုကို ပြတဲ့ အမှတ်သင်္ကေတ တစ်ခု ဖြစ်ပါတယ်။ သူ့ခြေထောက်က မာကြောတဲ့ ခြေသည်းနဲ့ ချွန်ထက်တဲ့ အတက်တွေဟာ သူရဲ့ ခွန်အားတွေကို ပြသနေပါတယ်။ 


ဘယ်ရန်သူမဆို ခွတ်ဖို့ ၀န်မလေးခြင်းက သူ့ရဲ့ ရဲဝံ့မှုကို ပြနေပါတယ်။ အစာရှာတွေ့တဲ့ အခါတိုင်း 

အခြားတစ်ပါး ကြက်တွေကို တကွပ်ကွပ်နဲ့ ခေါ်ကျွေးတတ်ခြင်းဟာလည်း သူရဲ့ ရက်ရော သဘောကောင်းမှုကို ထင်ဟပ် ပြသနေပါတယ်။ 


ညဉ့်ဦးယံ ကနေ မိုးသောက်ယံထိ အချိန်မှန်မှန် တွန်ကျူးတတ်ခြင်းကတော့ အမှန်ကိုသာ 

ဆိုတတ်တဲ့ သူ့သဘောကို ထင်ရှားအောင် ပြသလို ရှိနေပါတယ်။


အဲဒီလို ဂုဏ်အရည်အသွေးကောင်း ငါးရပ်နဲ့ပြည်စုံပါလျက် ကြက်ဖတွေဟာ အရှင် နယ်စားမင်းကြီးရဲ့ ပွဲတော်တည်ဖို့အတွက် နေစဉ်နဲ့အမျှ သတ်ဖြတ်ခံနေရတယ်။ 


ဘာကြောင့် သူတို့ကို တန်ဖိုးမထား အလွယ်တကူ သတ်စားနေရသလဲ။ အကြောင်းအရင်းက 

လူနဲ့လက်လှမ်းတမီမှာ ရှိနေတဲ့ အတွက်ကြောင့်ပဲ။ သူဟာ လူနဲ့ နီးစပ်လွန်းတယ် သူ့ကို အမြဲမြင်နေရတယ် တွေ့နေရတယ်။ 

အဲဒီတော့ ရိုးသွားတယ်။ 

သူ့တန်ဖိုးတွေ ဘယ်လိုရှိတယ်ဆိုတာ မစဉ်းစားမိကြတော့ဘူး။


ဟိုးအဝေးကြီးက မိုင်ထောင်ချီဝေးတဲ့ အရပ်က 

တစ်ခါတလေမှ နယ်ပြောင်းပယ်ပြောင်း ရောက်လာတတ်တဲ့ တောငန်းဖြူ ကြီးတွေကျတော့ 

ကြက်ဖရဲ့ ဂုဏ်အင်္ဂါနဲ့ ပြည်စုံကြတာမဟုတ်ပေမယ့် ရှားပါတယ်၊ တွေ့ရခဲတယ် ဆိုတာ တစ်ခုတည်းနဲ့ နယ်စားကြီးက အင်မတန် တန်ဖိုးထားတယ်။ 


ဥယျဉ်ထဲ ရေကန်ထဲမှာ ငါးတွေစား လိပ်တွေစား၊ ကောက်ပင်တွေ ကိုက်ဖြတ်နဲ့ အမျိုးမျိုးဖျက်ဆီးပေမယ့် သူတို့ကို လုံး၀ ပစ်ခတ်သတ်ဖြတ်ခြင်းမရှိ၊ 

ဒီအတိုင်း အလှကြည့်ထားတယ်..


ဒါကြောင့်မို့ ကျွန်တေ်ာမျိုးလည်း တောငန်းဖြူကြီးများလို ဝေးရာဆီပဲ ပျံသန်းသွားတော့မယ်လို့ လျှောက်တင်ကြောင်းပါနယ်စားမင်း ခင်ဗျာ”

လို့ လျောက်တင်လိုက်ပါတယ်...


မှန်ပါတယ်... 

ဒါကြောင့် ပုံပြင်ထဲကလိုပဲ 

ကျွန်တော်တို့တတွေဟာ တစ်ခါတလေမှာ ဆရာနဲ့တပည့်၊ မိဘနဲ့သားသမီး၊ အလုပ်ရှင်နဲ့ အလုပ်သမား၊ စသည့်တို့ကြားမှာ

 “နီးလွန်းသည့်အခါ မမြင် တွေ့ဖန်များသော အခါ တန်ဖိုး မရှိ” ဆိုရိုးစကားကဲ့သို့ နီးနီးနားနားမှာရှိတဲ့ သူရဲ့တန်ဖိုးကို မေ့လျော့နေတတ်ကြပါတယ်...


ဒီပုံပြင်ထဲကပေးတဲ့ 

သင်ခန်းစာအတိုင်း အနီးဆုံးသူရဲ့တန်ဖိုးကို

မြင်တတ်ကြပါစေ......


Crd....

Post a Comment

Previous Post Next Post