ညအိပ်ရာဝင် ခြေဆေးခြင်း အကျိုး

 


တစ်နေကုန် သွားလာ လှုပ်ရှားရင်း ခန္ဓာကိုယ်တွင်း ရောက်ရှိလာသော အပူ အခိုးအငွေ့များသည် ညအိပ်ချိန်တွင် အထက်သို့ တက်ကြသည်။ အိပ်ပျော်နေရင်း ခေါင်းချွေးများ ထွက်ခြင်း၊ သွားရည်ကျခြင်း၊ အစာမစားဘဲ ပါးစပ်မှဝါးခြင်း၊ သွားကြိတ်ခြင်း၊ ကယောင်ကတမ်း ပြောခြင်းများသည် လေပူ အထက်သို့ တက်ခြင်းကြောင့် ဖြစ်ရသည်။


ရေလောင်းသည့် အခါတွင်လည်း အတော်အသင့် မဟုတ်ဘဲ ခုနစ်ခွက်မှ ၁ဝ ခွက်အထိ အခိုးအကင်းများ ကုန်စင်အောင် လောင်းဆေးခြင်းသည် ကျန်းမာရေးအတွက် အကျိုးရှိစေသည်။ ခြေထောက် ရေဆေးခြင်းကြောင့် ည တစ်ရေးနိုးချိန် အာခြောက် ရေငတ်ခြင်းနှင့် ဆီးချိုကြောင့် မျက်စိကွယ်ခြင်းကိုပါ ကာကွယ်နိုင်သည်။ ရေရှည် လုပ်ဆောင်မှလည်း အကျိုးရှိမည်ကို သတိပြုဖို့ လိုသည်။


သိမ်ဖြူ ဆရာတော် အရှင်နာဂသေနာဘိဝံသ၏ အာယုဗ္ဗေဒ ဆေးသိပ္ပံ၊ အခြေခံ ကျန်းမာရေး သင်ခန်းစာ စာအုပ်တွင် ဖော်ပြထားသော ကျန်းမာသော ရေချိုးနည်းမှာ ရေချိုးသောအခါ အောက်ပိုင်းခြေကို စတင်လောင်း၍ ဒူး၊ ပေါင် စသည်ဖြင့် တရွေ့ရွေ့ အထက်သို့ လောင်းပြီး တစ်ကိုယ်လုံး ချိုးပါ။ ရေချိုးစဉ် ပထမတွင် ကိုယ်စိုရုံမျှ ရေလောင်း၍ အတွင်းအခိုးများ ထွက်လာစေရန်၊ ထွက်ခွင့်ရသည့် အခိုးများ ထွက်ခွင့် ရစေရန် အတန်ငယ် ရပ်နားပြီးနောက် လိုသလို ချိုးရ၏။ အထူးအားဖြင့် ခေါင်းပိုင်း၌ ရောဂါရှိသူများ ခေါင်းကို ရေလောင်းပြီး မချိုးရ။ ရေမလောင်းမီ ရှေးဦးစွာ ရေကို ပါးစပ်တွင် ငုံ၍ ထားပါ။ သို့မှသာ ခန္ဓာကိုယ် အတွင်းရှိ အပူအပုပ်ခိုးများ ရန်မှ ကာကွယ်ပြီး ဖြစ်ကုန်၏။ ယင်းသို့ ပြုလုပ်ပေးလျှင် သွားနှင့်ဆိုင်သော ရောဂါများ ကင်းရှင်းနိုင်၏။


ညအိပ်ရာဝင် ခြေဆေးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ


၁။ တစ်နေကုန် အောင်းနေသော အပူများ အောက်သို့လှည့်ပြီး ခြေဖဝါးမှ ထွက်သွားနိုင်သည်။


၂။ ညအိပ်ပျော်နေချိန် ဟောက်ခြင်း၊ သွားကြိတ်ခြင်း၊ လျှာဝါးခြင်း၊ သွားရည်ကျခြင်းများ သက်သာစေသည်။


၃။ ရင်ညွန့်သို့ တက်သောလေ၊ ဘဝင်သို့ တက်သောလေ၊ နှလုံးသို့ တက်သော လေပူတို့ကို သက်သာစေသည်။


၄။ ခြေထောက်ကို သန့်စင်စွာ ဆေးပြီး အိပ်ခြင်းကြောင့် မကောင်းသော အိပ်မက်ဆိုးများ မက်ခြင်းမှ သက်သာ စေနိုင်သည်။


၅။ ခြေသလုံးနှစ်ဖက် ကြွက်တက်ခြင်းမှ သက်သာစေသည်။


၆။ နံနက် အိပ်ရာထတွင် မျက်ဝတ်များ ထွက်ခြင်း၊ မျက်စိ ဖွင့်မကောင်းခြင်းမှ သက်သာစေသည်။


၇။ ခန္ဓာကိုယ် အပူအအေး မျှတပြီး ဦးခေါင်းသို့ အပူတက်ခြင်းကို သက်သာစေသည်။


၈။ အပူကြောင့် သွားဖုံးကြွခြင်း၊ သွားနာသွားကိုက်ခြင်းများမှ သက်သာစေသည်။


၉။ ဆံပင်ကျွတ်ခြင်း၊ ငယ်ထိပ်ပြောင်ခြင်းမှ သက်သာ စေသည်။


၁ဝ။ ဆံပင်ဖြူခြင်းကို သက်သာစေသည်။


၁၁။ ကျွတ်သော ဆံပင်ကို ပြန်ပေါက် စေနိုင်သည်။


၁၂။ မျက်တွင်းကျခြင်း၊ မျက်ကွင်းညိုခြင်းမှ သက်သာ စေနိုင်သည်။


ညအိပ်ရာဝင်ချိန် ခြေထောက် ရေဆေးခြင်းဖြင့် ရောဂါ အမျိုးမျိုးကို သက်သာ စေနိုင်သည်။ ကြွက်တက်ရောဂါ၊ အဆစ်ရောင် အဆစ်ကိုက် ရောဂါ၊ လေးဖက်နာ ရောဂါ၊ သွားနှင့် သွားဖုံးရောင်၊ သွားဖုံးကြွရောဂါ၊ မျက်စိတိမ်ရောဂါနှင့် မျက်မှန် ဒီဂရီတိုးခြင်း၊ အစာအိမ် လေပူထခြင်း၊ လေပူအထက်တက်၍ မူးမော် ရင်တုန်၊ နှလုံးလေရိုက်ရောဂါများပင် သက်သာသည်ဟု ဆိုသည်။ ခြေဆေးလျှင် လုံချည်၊ ထဘီကို ပေါင်အလယ်ထိအောင် မတင်ပြီး ရေအေးဖြင့် ခုနစ်ခွက်ခန့် လောင်းဆေးသင့်သည်။ ခြေဆေးပြီးနောက် ခေတ္တ အပူထွက်အောင် စောင့်ပြီးမှသာ အဝတ်ခြောက်ဖြင့် သုတ်သင့်သည်။ နေ့စဉ်မှန်မှန် ပြုလုပ်မှသာ အကျိုးရှိမည့်နည်း ဖြစ်သည်။


Credit – ကြည်လွင်မြင့် (မုဒြာ)

Post a Comment

Previous Post Next Post