ဆရာကြီးဦးအောင်သင်းပြောတဲ့ စာဖတ်ခြင်း

 

ခွေးတစ်ကောင်ဟာ

မီးခဲကိုနင်းမိရင်

ဂိန်! ဂိန် ဂိန်အော်ပြီး ထွက်ပြေးသွားတာပဲ ဒါပဲ

နောက်တစ်ကောင်ကထပ်နင်းမိလည်း

ဂိန်! ဂိန် ဂိန်အော်ပြီး ထွက်ပြေးသွားတာပဲ

သူနင်းမိလို့ပူတဲ့ကိစ္စကို တစ်ခြားခွေးတွေကို မနင်းမိစေနဲ့ ပူတယ်လို့မပြောနိုင်ဘူး

သူ့အတွေ့အကြုံကို လက်ဆင့်မကမ်းနိုင်ဘူး ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာ ဘာသာစကားမရှိလို့ ။ကိုယ်တိုင်ဖြစ်မှ ကိုယ်တိုင်သိရတာ ။

ကမ္ဘာဦးအစခွေးတွေကနေ

ဒီနေ့ခွေးတွေအထိ ဂိန်! ပဲ ။


တို့တစ်တွေလူတွေမှာတော့ အဲ့ဒီလိုမဟုတ်ဘူး ။

ဘာသာစကားရှိတယ် ။

မင်းတို့ငယ်ငယ်ကတည်းက

တစ်ပါးသူရဲ့အတွေ့အကြုံလက်ဆင့်ကမ်းလာတာ ။ အမေဖြစ်သူက

အဲ့ဒါမကိုင်နဲ့ ပူပူ –

အဲ့ဒါမကိုင်နဲ့ ဝေါ့ဝေါ့ –

မင်းကိုင်ပါဦးမလား?

မင်းအမေရဲ့အတွေ့အကြုံလက်ဆင့်ကမ်းမှုကြောင့်

မင်း မီးကို အပူမှန်းသိသွားတယ် ။

ဝေါ့ဝေါ့ဆိုတာကို ရွံစရာမှန်းသိသွားတယ် ။


အောက်ဆီဂျင်ကို

ခုချက်ခြင်း ဓာတ်ခွဲခန်းထဲမှာ

မင်းရှာဖွေထုတ်နိုင်တယ် ။

အဲ့ဒီအောက်ဆီဂျင်ကိုမင်းရှာတွေ့ခဲ့တာမဟုတ်ဘူး ။

ဒါပေမယ့်

ရှာတွေ့ခဲ့တဲ့ပညာရှင်က

လက်ဆင့်ကမ်းခဲ့လို့ မင်းချက်ခြင်းဖော်ထုတ်နိုင်တယ် ။

ဒါအတွေ့အကြုံကိုလက်ဆင့်ကမ်းတာပဲ ။

ပညာသင်တယ်

ပညာရှာတယ်ဆိုတာ ဒါပဲလေ ။


ဘာသာစကားရှိလို့

တစ်ပါးသူရဲ့အတွေအကြုံကို

လက်ဆင့်ကမ်းနိုင်တယ် ။

တစ်ဆင့်ပြီးတစ်ဆင့်လက်ဆင့်ကမ်းကြတယ် ။

ဒါကြောင့်လည်း

လူ့လောကကြီးက

တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်ပြောင်းလဲလာတာပေါ့ ။


အတွေးအကြံ အတွေ့အကြုံကို လက်ဆင့်ကမ်းတဲ့နေရာမှာ နှစ်မျိူးရှိတယ် ။

တစ်ခုက တိုက်ရိုက်ပြောဆိုပို့ချခြင်းနဲ့

နောက်တစ်ခုက

သူ့ရဲ့အတွေ့အကြုံတွေကို

စာအုပ်ထဲမှာ ချရေးထားခဲ့ပြီး လက်ဆင့်ကမ်းခဲ့တာ ။


ဥပမာ

အောင်မြင်သူတွေရဲ့

အထုပ္ပတ္တိတွေကို ဖတ်ကြည့်ရင်

သူတို့ရဲ့အတွေးအကြံ အတွေ့အကြုံတွေ

မင်းရလာမယ် ။

မင်းစိတ်ဓာတ်တွေမာကျောလာမယ် ။

အထပ်တလဲလဲ ကြိုးစားချင်စိတ်တွေ

ဖြစ်လာမယ် ။

အောင်မြင်သူတွေလည်း အခက်အခဲတွေကြားက ရုန်းထကြတာကိုး ။


ဒါမို့ စာဖတ်ခိုင်းတာ ။

စာဖတ်တဲ့နေရာမှာလည်း

နည်းနည်းဖတ်မိတောင် များများတွေးပါ ။

လိုက်နာပါ ကျင့်သုံးပါ ။

သူတစ်ပါးရဲ့အတွေ့အကြုံကို

ကိုယ့်ရဲ့အတွေးအကြံလေးနဲ့ပေါင်းစပ်ပါ ။

ကိုယ့်ကိုကိုယ်ခိုင်းပါ ။

ကိုယ့်ကိုကိုယ်မခိုင်းရင် သူများခိုင်းတာခံရတတ်တယ် ။

စဉ်းစားတွေးတောပေးရတယ် ။

ဦးနှောက်ကိုခါးတောင်းကျိူက်ပါ ။

ဒါမှ ခေါင်းဆောင်ဖြစ်မှာ ။

လူခါးတောင်းကျိူက်ရင် ကူလီပဲဖြစ်မှာပေါ့ ။


စာဖတ်ခြင်းကို ပေါ့သေးသေးမတွက်နဲ့ ။

စာဖတ်တယ်ဆိုတာ တစ်ပါးသူရဲ့အမှားကို

ကိုယ်ဆက်မမှားအောင်လုပ်တာ ။

တစ်ပါးသူရဲ့အတွေ့အကြုံကို

ကိုယ့်အတွေ့အကြုံအဖြစ်ရယူတာပဲ ။


လူလိမ္မာတို့သည် တစ်ပါးသူ၏ အမှားမှ သင်ခန်းစာကို ယူတတ်ကြတယ် ။

လူမိုက်တို့သည် ကိုယ်တိုင်မှားမှ သင်ခန်းစာရကြတယ် ။

ပို၍ မိုက်မဲသောသူတို့ကား

ကိုယ်တိုင် မှားပါလျက် နှင့်ပင်

သင်ခန်းစာ မယူတတ်ကြကုန်တဲ့ ။


ကိုယ်တိုင်မှားမှ မှားမှန်းသိရင်

ခွေးသာသာဖြစ်သွားမှာပေါ့ ။


စာကြည့်တိုက်တစ်တိုက်ဖွင့်ရင်

အချူပ်ထောင်မှာ လူငါးယောက်လျော့မယ် ။

စာဖတ်တဲ့လူဟာ

အသိအဉာဏ်အားကောင်းလာတယ် ။

အနည်းဆုံး

မိဘတွေ ဆုံးမရတာသက်သာတယ် ။


မင်းကိုမင်းချစ်ရင်

ပညာသင်ပါ စာဖတ်ပါ ။

မင်းမိသားစုကို မင်းချစ်ရင်

ပညာသင်ပါ စာဖတ်ပါ ။

မင်းတိုင်းပြည်ကို မင်းချစ်ရင်

ပညာသင်ပါ စာဖတ်ပါ ။


မင်းတို့တစ်တွေ

ဗဟုသုတကိုရှာဖွေပါလေ့လာပါဆည်းပူးပါ ။ စာဖတ်ပါ ။

တစ်ပါးသူရဲ့အတွေ့အကြုံကို

လက်ဆင့်ကမ်းယူကြပါ ။


ဘဝကို

ဦးနှောက်ကဦးဆောင်တာဖြစ်တဲ့အတွက်

ဦးနောက်ကိုဦးစားပေးတဲ့စာမျိူး

များများဖတ်စေချင်တယ် ။


ဆရာကြီဦးအောင်သင်းအားလေးစားလျက်..

Post a Comment

Previous Post Next Post